ဘူးသီးတောင် ရေချမ်းပြင်ရွာတွင် လက်နက်ကြီး ထိမှန်ပြီး ၃ ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာသစ်ရှိ နေအိမ်ပေါ်သို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းတွင် လက်နက်ကြီးကျပြီး နို့စို့ကလေးတစ်ဦးအပါအဝင် သားအမိသုံးဦး သေဆုံးခဲ့သည့်အပြင် အခြားနှစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ဦးဆီရာဇ်အုဒ္ဒိန်၏ မိသားစုသည် ၎င်းတို့၏ နေအိမ်တွင်းတွင် ရှိနေစဉ် နေအိမ်သို့ လက်နက်ကြီး ကျရောက်ခဲ့ခြင်း ဖြစ်သည်။ 

သေဆုံးသူများမှာ - (၁) ဒေါ်ဘာနူ (ဦးဆီရာဇ်အုဒ္ဒိန်၏ ဇနီး) အသက် ၅၇ နှစ်၊ (၂) ရှောရိတူလ္လာ (ဘ) ဦးဆီရာဇ်အုဒ္ဒိန် (အသက် ၂၂ နှစ်)၊ နှင့် အာစ်မာဂျီဂေါရ် (ဘ) ရှော်ရိတူလ္လာ (အသက် ၁ နှစ်) တို့ ဖြစ်ကြပြီး၊ ဒဏ်ရာရရှိသူများမှာ - (၁)  မဆော်လေမာခါတူ (ဘ) ဦးအဒူဂေါ်ဖော်ရ် (ရှောရိတူလ္လာ ၏ ဇနီး) အသက် ၂၂ နှစ်နှင့် (၂) အာဘူဆူဖီးယားန် (အသက် ၁၅ နှစ်) တို့ဖြစ်ကြသည်။ 

ဒေါ်ဘာနူနှင့် ရှောရိတူလ္လာတို့နှစ်ဦး စလုံး ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး၊ အသက် ၁ နှစ်အရွယ် အာစ်မာဂျီဂေါရ်သည် ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

အသက် ၁၅ နှစ်အရွယ် အာဘူဆူဖီးယားန် ဆိုသူသည် အတွင်းငှက်သေကျေးရွာမှ အလည်ရောက်ရှိနေသူ ဖြစ်သည်။ 

မည်သည့်တပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီး ဖြစ်သည်ကို အတိအကျ မသိရသော်လည်း၊ မြန်မာစစ်တပ်က တပ်ရင်း ၅၅၁၊ တပ်မ၊ ဖုံညိုလိပ်တံတား (စိုင်းဒင်)၊ ၃၁ ပုံ စေတီစသည့်နေရာများမှ ပစ်ခတ်လေ့ရှိပြီး၊ သရက်ပြင်ကျေးရွာအုပ်စု၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်ရှိ တောတောင်များတွင် AA မှ တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားလေ့ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ 

ယခုထိမှန်သည့် လက်နက်ကြီးကျည်ဆံသည် အရှေ့မြောက်ဘက် တောတောင်ဘက်မှ ပစ်ခတ်သည်ဟု ထင်မြင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပေးသော်လည်း ကျည်ဆံကို သေချာစစ်ဆေးနိုင်မှသာ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို သေချာသိနိုင်မည်ဟု ဒေသခံများက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ