ဘူးသီးတောင် ဖရုံချောင်းတွင် ဝါးရောင်းသူများထံမှ ရောင်းချခွင့်ဟုဆိုကာ ငွေအလွန်အကျွံကောက်ခံမှုကြောင့် ဝါးဈေးမြင့်တက်နေ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းကျေးရွာအုပ်စုတွင် ဝါးရောင်းသူးများထံမှ ရောင်းချခွင့်ဟုဆိုကာ ငွေအလွန်အကျွံကောက်ခံလျက်ရှိသောကြောင့် ဝါးဈေးမြင့်တက်လာပြီး ရွာသားများ အခက်အခဲ ကြုံတွေ့နေရသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စုတွင် ဝါးရောင်းသူများအနေဖြင့် ရောင်းချခွင့်ရယူရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ကို ငွေအလွန်အကျွံပေးနေရသောကြောင့် ရောင်းချရန် အလွန်ခက်ခဲသွားပြီး မရောင်းဘဲနေသော်လည်း ဖရုံချောင်းမွတ်စလင်ရွာမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နှင့် ရင်းနှီးသည့် မိုဟမ္မဒ်ဂျလာလ် (ဘ) ဦးအက်တာအလောမ် (အသက် ၄၂-နှစ်) သည် ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ကို ငွေပေးပြီး ရောင်းချခွင့်ကို တစ်ဦးတည်း ကိုယ်စားလှယ်ရယူကာ ဝါးများကို ဈေးတိုးမြှင့်၍ ရောင်းချနေခြင်းကြောင့် ရွာသားများက ဝယ်ယူရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ရခိုင်ဒေသရှိ ရိုဟင်ဂျာလူမျိုးများသည် ၂၀၁၂ ခုနှစ်မှစပြီး ယခုအချိန်အထိ တစ်နှစ်ထက်တစ်နှစ် ပိုမို၍ အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ ဖြစ်သွားလျက်ရှိနေကြပြီး ဖြစ်သလိုနေနေရသည့်အချိန်တွင် ယခုလို ငွေအလွန်အကျွံကောက်ခံပြီး ပေးနိုင်သူကိုသာ ရောင်းချခွင့်ပေး၍ ဈေးကြီးကြီးဖြင့် ရောင်းစေခြင်းကြောင့် ရွာသားများက ဝါးဖြင့် လုပ်ရသည့် အိမ်ပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံခြင်းနှင့် အခြားအလုပ်များလုပ်ရာတွင် အလွန်ပင် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ထို့အပြင် မိုဟမ္မဒ်ဂျာလာလ် ထံမှ မဝယ်ဘဲ ဈေးပေါပေါဖြင့်ရသည့် အခြားရွာများမှ ဝယ်ယူလာခွင့်မပြုသည့်အပြင် ဝယ်ယူလာသည်ကို တွေ့ရှိပါက နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့၏ အခွင့်အာဏာကို အလွဲသုံးစားပြု၍ ဝယ်ယူလာသည့် ဝါးများကို သိမ်းဆည်းခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဖရုံချောင်းရွာသားတစ်ဦးက ပြောပါသည်။ 

Bamboo

နိုဝင်ဘာလ (၉) ရက်နေ့တွင် ဖရုံချောင်းဒိုးတန်း (၂) မှ အိစ်မိုင်လ် (ဘ) ဦးနော်ဇူမျာ (အသက် ၃၀-နှစ်) သည် ၎င်း၏ အိမ်တွင် သုံးရန် ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုမှ ဝါး အလုံး (၂၅၀) ဝယ်ယူလာခဲ့သည်ကို မကျေနပ်၍ နယ်ခြားစောင့်ရဲများနှင့် လိုက်လံရှာဖွေပြီး ငွေကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) ညှစ်ယူခဲ့ကြောင်း အဆိုပါ ရွာသားက ပြောသည်။ 

နိုင်ငံတော်အစိုးရက တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ရောင်းချခြင်းများကို ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သော်လည်း ယခုအချိန်အထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာနတို့က ပူးပေါင်း၍လာဘ်ငွေများယူ၍ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် မဟုတ်လျှင်လည်း ရောင်းချခွင့်အတွက် ငွေကြေး အလွန်အကျွံတောင်းဆိုခြင်းကဲ့သို့ အခြားနည်းများသုံး၍ တရားမဝင် တစ်ဦးတည်းရောင်းချပိုင်ခွင့် ပြုနေသည်ကို တွေ့ရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ