မင်းပြားမြို့နယ်တွင် နွားနှစ်ကောင်ပျောက်ဆုံးမှု ပြဿနာကြောင့် ရိုဟင်ဂျာများနှင့် ရခိုင်များအကြား တင်းမာမှုများ ဖြစ်ပွားနေ
ခင်မောင်နိုင် Rohingya Today
Photo: Mapio.net

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်မြို့နယ်ခွဲ၊ နာဂရာပေါက်တော ကျေးရွာအုပ်စုမှ နွားနှစ်ကောင် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရိုဟင်ဂျာများနှင့် ရခိုင်များအကြား တင်းမာမှုများ ဖြစ်ပွားလျက်ရှိသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်းတွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းမြို့နယ်ခွဲ၊ နာဂရာပေါက်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အစ်ကိုဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြသန်း (ဘ) ဦးစံသာလှ၏ နွားနှစ်ကောင် ခိုးခံခဲ့ရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ဦးကျော်မြသန်းက AA လက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင်ဆိုသူ ၃ ဦး၊ ရခိုင်ရွာသား ၃ ဦးတို့နှင့်အတူ နာဂရာပေါက်တောကျေးရွာသို့ ရောက်ရှိလာပြီး၊ ဦးဖွေယာဇုလ်အစ္စလာမ် (ဘ) ဦးနူရ်ဆော်လာမ် (အသက် ၃၅ နှစ်) ကို နွားသူခိုးဟု မတရားစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုကဲ့သို့ စွပ်စွဲဖမ်းဆီးသွားခြင်းမှာ လွန်ခဲ့သည့် သီတင်းပတ်က ၎င်းတို့နှစ်ဦး အချင်းချင်း စကားများခဲ့သည်ကို အကြောင်းပြု၍ ဖြစ်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ယင်းနေ့ ည ၁၀ နာရီတွင် AA မှ တပ်ဖွဲ့ဝင်များဆိုသူများနှင့် ရခိုင်ရွာသား ၃၀ ဦးခန့်သည် ရွှေတမာကျေးရွာအုပ်စု၊ လက်မကျေးရွာသို့ ရောက်ရှိလာပြီး ဦးမိုဟာမတ်တော်ယုဖ် (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၄၀ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ 

ခိုးခံရသည့် နွားများကို ရခိုင်ရွာထဲတွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် လက်မရွာဟောင်းမှ ရခိုင်ရွာသားများနှင့် နာဂရာပေါက်တော ရခိုင်ရွာမှ ရခိုင်ရွာသားများက ဖမ်းဆီးထားသည့် ရိုဟင်ဂျာနှစ်ဦးကို သတ်ဖြတ်လိုက်ပြီဟု သတင်းလွှင့်ခဲ့သည်။ လည်လှီး သတ်ဖြတ်ထားသည့် ဓါတ်ပုံများကိုလည်း ပြသခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။ 

ထိုသို့ သတင်းများလွှင့်ထုတ်ပြီး၊ ဓါတ်ပုံများ ပြသမှုကြောင့် လက်မကျေးရွာမှ ရိုဟင်ဂျာရွာသားများ ဒေါသထွက်ကာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရိုဟင်ဂျာနှစ်ဦးကို ဖမ်းဆီးစဉ် လမ်းပြခဲ့သည့် ရွှေတမာကျေးရွာမှ ရခိုင်ရွာသားနှစ်ဦးနှင့် နာဂရာပေါက်တောကျေးရွာအုပ်စု ညောင်ပင်ဝန်းရွာမှ ရခိုင်ရွာသား တစ်ဦး တို့ကို ဖမ်းဆီး၍ ရွာထဲတွင် ချုပ်နှောင်ထားသည်။ 

နေ့လည် ၂ နာရီတွင် လက်မကျေးရွာသို့ ရွှေတမာကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်း ရောက်ရှိလာပြီး ဖမ်းဆီးထားသည့် ရခိုင်ရွာသား ၃ ဦးကို ပြန်လွှတ်ပေးရန် ပြောဆိုခဲ့သည်။ ရိုဟင်ဂျာရွာသားများက AA တပ်ဖွဲ့မှ ဆိုသူများက ဖမ်းဆီးထားသည့် ရိုဟင်ဂျာနှစ်ဦးကို ဦးစွာ ပြန်လည် လွှတ်ပေးရန် ပြောဆိုခဲ့သည်။ 

ညနေပိုင်းတွင် ရွှေတမာကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်တင်ဆွေ အပါအဝင် ရခိုင်ရပ်မိရပ်ဖ ၅ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရခိုင်ရွာသား ၃ ဦးကို ဦးစွာ ပြန်လည် လွှတ်ပေးရန်၊ ရိုဟင်ဂျာ နှစ်ဦးကို မနက်ဖြန် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြန်လည် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ 

ရိုဟင်ဂျာများက ရခိုင်ရွာသားများက ဖမ်းဆီးထားသည့် ရိုဟင်ဂျာနှစ်ဦးကို သတ်ဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းလွှင့်မှုနှင့် ပတ်သက်၍ ပြောဆိုသည့်အခါ ရွှေတမာ အုပ်ချုပ်ရေးမှူးဟောင်းနှင့် အဖွဲ့ “မသတ်သေးဘူး၊ ရှိနေတယ်၊ မနက်ဖြန် သေချာပြန်လွှတ်ပေးမယ်” ဟု ကတိပေးသည်။ ၎င်းတို့၏ ကတိပေးမှုကြောင့် ဖမ်းဆီးထားသည့် ရခိုင်ရွာသား ၃ ဦးကို ည ၈ နာရီအချိန်တွင် ပြန်လည် လွှတ်ပေးလိုက်ပြီး၊ ရွှေတမာ အုပ်ချုပ်ရေးမှူးဟောင်းနှင့် အဖွဲ့က အတူခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။ 

ည ၉ နာရီခန့်တွင် လက်မကျေးရွာသို့ မြန်မာစစ်တပ် စစ်သားအင်အား ၂၀၀ ခန့် ရောက်ရှိလာသည်ဟု သိရသည်။ 

ဒေသခံများက ရွှေတမာကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်တင်ဆွေနှင့် အဖွဲ့က ပေးသည့် ကတိအတိုင်း ပြန်လည် လွှတ်ပေး/မပေးကို စောင့်ကြည့်မည်ဟု ဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ