AA တပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများ၏ အိမ်များထဲသို့ ဝင်ရောက်ပြီး အမျိုးသမီးများကို ထိုးကြိတ်ခဲ့သဖြင့် အမျိုးသမီးများနှင့် ထိပ်တိုက်တွေ့
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖုရားပြင်သိန်းတန်ကျေးရွာအုပ်စု၊ သိန်းတန်ရိုဟင်ဂျာရွာသို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး အမျိုးသားများကို ရိုက်နှက်သည့်အပြင် အိမ်များထဲထိ ဝင်ရောက်ပြီး အမျိုးသမီးများကို ကာအိန္ဒြေပျက်ပြားစေသည့်အထိ ထိုးကြိတ်ရိုက်နှက်သဖြင့် အမျိုးသမီးများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၆ နာရီကျော်အချိန်တွင် AA တပ်ဖွဲ့ဝင် ၃ ဦးသည် သိန်းတန်ရိုဟင်ဂျာရွာ (အရှေ့ရွာ) သို့ ရောက်ရှိလာပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးများဖြစ်ကြသည့် ဦးဆလာမတ်အုလ္လာ (ဘ) ဦးအဒူမာလဲခ် (အသက် ၃၀ နှစ်)၊ ဦးစောမိုး (အသက် ၅၀ နှစ်) နှင့် ဦးရှုကူရ် (အသက် ၅၅ နှစ်) တို့ကို “မင်းတို့ကို လယ်ကွင်းမှာ မီးမထွန်းဖို့ တားမြစ်ထားတာကို ဘာကြောင့် မနာခံတာလဲ၊ မင်းတို့ကို လယ်ကွင်းစောင့်ခိုင်းတာ ဘာကြောင့် မစောင့်တာလဲ” ဟု ပြောဆို၍ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။ ထို့နောက် မိုင်းများပေါက်ကွဲသွားလျှင် မိုင်းတစ်လုံးအတွက် ငွေကျပ် သိန်း ၂၀ စီ လျော်ကြေးပေးရမည်ဟု ပြောဆိုခဲ့သည်။ AA တပ်ဖွဲ့ဝင်များသည် ရိုက်နှက်ခြိမ်းခြောက်ပြီးနောက် “ဒီနေ့ မင်းတို့ရွာတစ်ရွာလုံးကို မီးရှို့ပစ်မယ်” ဟု ထပ်မံခြိမ်းခြောက်၍ ရွာမှ ထွက်ခွာသွားခဲ့သည်။

အဆိုပါ AA တပ်ဖွဲ့ဝင်များသည် နေ့လည် ၃ နာရီခန့် အချိန်တွင် ရွာထဲသို့ ပြန်လည်ရောက်ရှိလာပြီး အိမ်များထဲသို့ ဝင်ရောက်၍ အမျိုးသားအချို့ကို ရှာဖွေခဲ့သည်။ အမျိုးသားများကို မတွေ့ရှိသဖြင့် အမျိုးသမီးများကို ကာအိန္ဒြေပျက်ပြားစေသည့်အထိ ရိုက်နှက်ထိုးကြိတ်ခဲ့သည်။ 

“AA အဖွဲ့က အဓိက သူတို့ မိုင်းတွေကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရွာသားတွေကို စွပ်စွဲတယ်။ ရိုက်နှက်တယ်၊ ခြိမ်းခြောက်တယ်၊ အမျိုးသမီးတွေကို ရိုက်နှက်တဲ့အပြင် အင်္ကျီအဝတ်အစားတွေကို ဆွဲဖြဲတာမျိုးတွေကအစ လုပ်တယ်။ ဒါကတော့ အတော်လေးကို တရားလွန်သွားပြီ။ ကျွန်တော်တို့က AA ကို နှောက်ယှက်တာမျိုး တစ်ခုမှ မလုပ်ဘူး။ ကျွန်တော်တို့ အမြဲ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တာပါ။” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။

AA တပ်ဖွဲ့ဝင်များသည် တစ်အိမ်တက်ဆင်း ဝင်ရောက်၍ အမျိုးသမီးများကို ထိုးကြိတ်နေသဖြင့် အမျိုးသမီးများသည် ၎င်းတို့၏ နေအိမ်များမှ ထင်း၊ ဝါးများ ကိုင်ဆောင်၍ ထွက်လာပြီး AA တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။ AA တပ်ဖွဲ့ဝင်များသည် အမျိုးသမီးအုပ်စု ရိုက်နှက်ခံနေရသည့် အမျိုးသမီးများကို ကာကွယ်ပေးသည်ကို မြင်တွေ့၍ ထွက်ပြေးသွားခဲ့ကြသည်။ ထို့နောက် ရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူး ကို တိုင်တန်းရန် သွားရောက်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက အတွေ့မခံဘဲ ရှောင်နေခဲ့သည်။ အုပ်ချုပ်ရေးမှူးသည် ရခိုင်လူမျိုးတစ်ဦး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဘေးပတ်ဝန်းကျင်မှ ရခိုင်ရွာသားများက “မင်းတို့ ကုလားတွေ ညကျရင် တွေ့မယ်” ဟု အော်ဟစ်၍ ခြိမ်းခြောက်နေသည်များလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။ သိန်းတန်ရခိုင်ရွာသို့ AA တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး အင်အားစုဆောင်းနေသည်ဟု သိရှိရသည်။ 

သိန်းတန်ရိုဟင်ဂျာရွာမှ ရိုဟင်ဂျာများသည် အခြေအနေအရပ်ရပ်ကို လေ့လာတွေ့ရှိပြီးနောက် ကြောက်လန့်ပြီး နေအိမ်များ စွန့်ခွာ၍ အခြားရွာများသို့ ထွက်ပြေးခိုလှုံနေကြသည်။ သို့သော်လည်း ညပိုင်းတွင် AA တပ်ဖွဲ့ဝင်များ လာရောက်၍ ညှဉ်းပန်းနှိပ်စက်မည်ကို စိုးရိမ်နေကြသည်။ 

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် လယ်ကွင်းရှိ ကောက်ရိုးအရင်းများ မီးလောင်နေသည်ကို AA တပ်ဖွဲ့ဝင်များက တွေ့ရှိပြီး ရွာထဲသို့ လာရောက်၍ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို “လယ်ကွင်းမှာ ငါတို့ မိုင်းထောင်ထားခဲ့တယ်၊ မင်းတို့ကလေးတွေ ကျွဲ၊ နွားကျောင်းတယ်၊ လယ်ကွင်းကနေ သွားလာတယ်၊ အဲလို သွားလာတဲ့အခါမှာ မီးလုံး၀ မထွန်းမိစေနဲ့” ဟု ပြောဆို တားမြစ်ခဲ့သည်။ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက ရခိုင်နှင့် ဒိုင်းနက်လူမျိုးများလည်း သွားလာနေကြောင်း၊ ၎င်းတို့ မီးထွန်းလျှင် မိမိတို့အနေဖြင့် တားမြစ်ရန် မဖြစ်နိုင်ကြောင်း ပြောဆိုရာ AA တပ်ဖွဲ့ဝင်များက “ဘယ်သူဘယ်ဝါ ဆိုတာ ငါတို့ မသိဘူး၊ လယ်ကွင်းတွေကို မင်းတို့ စောင့်ရမယ်” ပြောဆိုခဲ့သည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ ရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူးကို တင်ပြခဲ့ရာ အုပ်ချုပ်ရေးမှူးက “လယ်ကွင်းကိုလည်း စောင့်လို့ရလား၊ ဘယ်လို စောင့်မလဲ” ဟု ပြောဆိုသဖြင့် ရွာသားများက ညမစောင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ 

ဇန်နဝါရီလ ၃၁ ရက်နေ့ မိုးမလင်းမီအချိန်က လယ်ကွင်းထဲ၌ ထွန်းခဲ့သည့်မီးသည် ဂဏန်း၊ ဖား လိုက်ရှာသည့် ရခိုင်ရွာသားများက ထွန်းသည့် မီးဖြစ်ပြီး၊ ယင်းအချိန်တွင် သိန်းတန်ရိုဟင်ဂျာရွာမှ ရိုဟင်ဂျာတစ်ဦးတစ်ယောက်မှ အပြင်သို့ ထွက်ခဲ့ခြင်း မရှိခဲ့ဟု ဒေသခံများက အခိုင်အမာ ပြောဆိုသည်။ AA တပ်ဖွဲ့ဝင်များကို ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက သေချာ ရှင်းပြသော်လည်း နားထောင်ခြင်း မရှိဘဲ လယ်ကွင်းစောင့်ခိုင်းသည်ကို မစောင့်ဟုဆိုကာ ထိုးကြိတ်ရိုက်နှက်ခဲ့သည့် အပြင် အမျိုးသမီးများကိုလည်း ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ