မင်းပြားမှ ပေါက်တောသို့ ပြန်လာသည့် စက်တပ်လှေ နစ်မြှုပ်ပြီး ရိုဟင်ဂျာ ၆ ဦး သေဆုံး
ခင်မောင်နိုင် Rohingya Today
ပေါက်တောမြို့ရှိ ငှက်ချောင်းဒုက္ခသည်စခန်း (ဓါတ်ပုံ - UNHCR/S. L. Bik)

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ရိုဟင်ဂျာ ၁၇ ဦးသည် မင်းပြားမြို့နယ်မှ စက်တပ်လှေ တစ်စီးဖြင့် ပေါက်တောမြို့သို့ ပြန်သွားနေစဉ် စက်လှေနစ်မြှုပ်ပြီး ၆ ဦး သေဆုံးသွားခဲ့သည်။ 

ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် မင်းပြားမြို့နယ်သို့ ရောက်ရှိနေသည့် ပေါက်တောမြို့နယ် ရိုဟင်ဂျာ ၁၇ ဦးသည် ပေါက်တောမြို့နယ်သို့ စက်တပ်လှေတစ်စီးဖြင့် ပြန်သွားနေစဉ် ကံတောင်ကျေးရွာအနီး စက်လှေ နစ်မြှုပ်သွားခဲ့သည်။ စက်လှေပေါ်တွင် ပါလာသည့် သူများသည် ကမ်းဘက်သို့ မျှောပါသွားခဲ့သည်။ 

မျှောပါသွားသူများထဲမှ အမျိုးသားတစ်ဦးသာ ကမ်းပေါ်သို့ တက်နိုင်ခဲ့ပြီး ချောင်းဘေးတစ်နေရာတွင် ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းနေသည့် ရခိုင်အမျိုးသားတစ်ဦး၏ အကူအညီဖြင့် မိသားစုများထံ ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ပေါက်တောမြို့မှ မိသားစုဝင်များက မင်းပြားမြို့ရှိ ဒေသခံများထံ ဖုန်းဆက်၍ အကူအညီတောင်းခံပြီးနောက် မင်းပြားမြို့နယ်မှ ရိုဟင်ဂျာများက စက်လှေတစ်စီးဖြင့် ရောက်ရှိလာပြီး မျှောပါသွားသူများကို ရှာဖွေခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ 

စက်လှေပေါ်တွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦးနှင့် ကလေး ၅ ဦး ပါခဲ့သည်။ ၁၁ ဦး အသက်ရှင်ခဲ့သော်လည်း ကျန်သည့် အမျိုးသမီး တစ်ဦးနှင့် ကလေး ၅ ဦး ကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းထိ ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိခဲ့ပေ။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပျောက်ဆုံးနေသည့် ၆ ဦးကို ဆက်လက်ရှာဖွေခဲ့ရာ ချောင်းတွင် မျှောလျက်သား သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ ရုပ်အလောင်းများကို မင်းပြားမြို့နယ်၊ လက်မကျေးရွာသို့ သယ်ဆောင်သွားပြီး ညနေပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

သေဆုံးသွားများထဲတွင် ပေါက်တောမြို့နယ်၊ ငှက်ချောင်း ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦး၊ ကလေး ၄ ဦး ဖြစ်ပြီး၊ ကျန်သည့် ကလေးတစ်ဦးမှာ မင်းပြားမြို့နယ်မှ အသက် ၅ နှစ်အရွယ် မိဘမဲ့ကလေးတစ်ဦး ဖြစ်သည်။

သေဆုံးသွားသူများမှာ -- 

(၁) ဒေါ်အာန်ဆာရ်ဘေဂမ် (ဦးနုရ်ဟာကိမ်း၏ ဇနီး) အသက် ၃၂ နှစ်
(၂) ဟာလာမော်နု (ဘ) ဦးနုရ်ဟာကိမ်း (အသက် ၁၀ နှစ်)
(၃) အဒူလာကိမ်း (ဘ) ဦးနုရ်ဟာကိမ်း (အသက် ၃ နှစ်)
(၄) ဇူရာခါတူ (ဘ) ဦးအဒူဇော်ဘောရ် (အသက် ၁၀ နှစ်)
(၅) ဆေးနုရာအာဖ်တာရ် (ဘ) ဦးဟာလာဘိုင်ဂ်ဂါး (အသက် ၂ နှစ်) တို့ဖြစ်ကြပြီး၊ ကျန်သည့် ကလေးတစ်ဦး၏ အမည်ကို မသိရှိဟု ဒေသခံများက ပြောပါသည်။ 

စက်လှေပေါ်တွင် လိုက်ပါလာသူများသည် ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်းတွင် ပိတ်လှောင်ခံနေရသဖြင့် အလုပ်လက်မဲ့ ဖြစ်နေပြီး၊ စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသောကြောင့် အခြားမြို့နယ်များသို့ သွားရောက်၍ အလှူခံနေကြသူများ ဖြစ်ကြသည်။ 

ပေါက်တောမြို့နယ်၊ ငှက်ချောင်းဒုက္ခသည်စခန်းတွင် မိဘမဲ့ကလေး အများအပြားရှိနေပြီး၊ ယင်းကလေးများထဲတွင် ပေါက်တောမြို့နယ်မှ အပြင် အခြားမြို့နယ်များမှ ကလေးများလည်း ပါဝင်သည်။ ၂၀၁၂ ခုနှစ်တွင် မိဘများ အသက်ဆုံးရှုံးခံရပြီး ရွာသားများနှင့် ထွက်ပြေးတိမ်းရှောင်နေရာမှ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့ကို စောင့်ရှောက်မည့်သူမရှိသဖြင့် တောင်းရမ်းစားသောက်ပြီး ကြုံရာ လမ်းဘေးတွင် အိပ်နေရသည့် ဘဝသို့ ရောက်နေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ