ဘူးသီးတောင် ကင်းတောင်ရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင် အပါအဝင် အမျိုးသမီးနှစ်ဦး သေဆုံး၊ ၇ ဦး ပြင်းထန်စွာ ဒဏ်ရာရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကင်းတောင်ရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီးနှစ်ဦး သေဆုံးပြီး၊ ၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ကင်းတောင်ကျေးရွာအုပ်စု၊ တောင်ရွာမှ နေအိမ်နှစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရိုဟင်ဂျာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး၊ ခုနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

လက်နက်ကြီးသည် ဦအဒူနော်ဘီ နှင့် ဦးနုရ်အာလောမ်တို့၏ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး၊ ဦးအဒူနော်ဘီ၏  အသက် ၁၈ နှစ်ခန့်အရွယ် သမီးဖြစ်သူ မနူရ်ဟားဘား ပွဲချင်းပြီး သေဆုံးသွားသည်။ ၎င်း၏ ချွေးမဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး မအုံမိုင်ဟာဘီလည်း ဆေးရုံသို့ရောက်ပြီးနောက် သေဆုံးသွားသည်။ သားဖြစ်သူ မိုဟာမတ်အာမီးန်၊ သားမက်ဖြစ်သူ ဂျာမာလ်ဟူဆိန်း တို့လည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးနုရ်အာလောမ်၏ မိသားစုဝင်များလည်း ဒဏ်ရာရရှိသွားသည်။ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူကို ရွာသူရွာသားများက ဘူးသီးတောင် ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ပြီး၊ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသည်။

သေဆုံးသူနှစ်ဦးမှာ --

(၁) မနူရ်ဟားဘား (ဘ) ဦးအဒူနော်ဘီ (အသက် ၁၈ နှစ်)
(၂) မအုံမိုင်ဟာဘီ (ဘ) မော်လဝီဟာမိတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ကြပြီး၊

ဒဏ်ရာရရှိသူများမှာ --

(၁) မိုဟာမတ်အာမီးန် (ဘ) ဦးအဒူနော်ဘီ (အသက် ၂၃ နှစ်) (သေဆုံးသူ အုံမိုင်ဟာဘီ၏ ခင်ပွန်း)
(၂) ဂျာမာလ်ဟူဆိန်း (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၅ နှစ်) (သေဆုံးသူ နူရ်ဟားဘား၏ ခင်ပွန်း)
(၃) ဦးနုရ်မိုဟာမတ် (ဘ) ဦးနုရ်အာလောမ် (အသက် ၃၀ နှစ်)
(၄) ဒိလ်ဒါရ်ဘေဂမ် (ဘ) ဦးရိုရှောန်အလီ (အသက် ၂၅ နှစ်)
(၅) ရော်ရှိဒါဘေဂမ် (ဘ) ဦးအဒူလ်အာလောမ် (အသက် ၁၈ နှစ်)
(၆) အာစ်မာ (ဘ) ဦးနုရ်မိုဟာမတ် (အသက် ၃ နှစ်)
(၇) ဦးအဒူလ်အာလောမ် (ဘ) ဦးဆုလ်တာန် (အသက် ၄၀ နှစ်) -- တို့ဖြစ်ကြသည်။ 

လက်နက်ကြီးသည် ဦးအဒူနော်ဘီ၏ အိမ်ရှေ့ကြမ်းပြင်ရှိ သရက်ပင်ကို ဖြတ်တိုက်ကာ အိမ်ပေါ်သို့ ကျရောက်လာခဲ့သည်ကို ကြည့်လျှင် အဆိုပါအိမ်များတည်ရှိရာ၏ မြောက်ဘက်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ နံနက် ၉းဝဝ နာရီခန့် အချိန်တွင် အမှတ် (၅၅၁) တပ်ရင်းမှ စစ်သားများနှင့် နယ်ခြားစောင့်အများအပြားသည် ဦးအဒူနော်ဘီ၏ အိမ်သို့လာရောက်ရှိလာပြီး အိမ်ရှေ့ကြမ်းပြင်ရှိ လက်နက် ကြီးထိမှန်သော သရက်ပင်၏ သစ်ကိုင်းများကို ခုတ်ပစ်ခဲ့သည်။ ထို့နောက် လက်နက်ကြီးသည် အရှေ့ဘက်မှ လာရောက်ကျခဲ့ကြောင်း ပုံပေါ်စေအောင် သရက်ပင်၏ အရှေ့ဘက်အကိုင်းများတွင် ဓားဖြင့် ခုတ်ထစ်ပြီး အမှတ်အသားများ ပြုပေးခဲ့ပါသည်။ ဤအချက်များကို ထောက်ရှုလျှင် အဆိုပါလက်နက်ကြီးကို အမှတ် (၅၅၁) တပ်ရင်းမှ ပစ်ခတ်ခဲ့သည်မှာ သိသာထင်ရှားနေသည်။

အဆိုပါ စစ်သားနှင့်အဖွဲ့သည် ရွာသူရွာသားများကို အကယ်၍ စစ်ဆေးရေးအဖွဲ့တစ်ခုခုရောက်လျှင် လက်နက်သည် အရှေ့ဘက်တောတောင်မှ လာရောက်ထိမှန်ခဲ့ကြောင်း၊ AA မှ ပစ်ခတ်သော လက်နက်ကြီးဖြစ်ကြောင်းဟု ထွက်ဆိုရန်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုခဲ့သည်။ လွန်ခဲ့သောညက ယင်းဒေသတစ်ဝိုက်၌ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိခဲ့ပေ။

လွန်ခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဘူးသီးတောင် အရှေ့တောင်ပိုင်း၊ ထိပ်ထူးဖောက်ကျေးရွာတွင် ဤကဲ့သို့ လက်နက်ကြီးကျ၍ အပြစ်မဲ့အရပ်သား ရိုဟင်ဂျာကလေးငယ် (၄) ယောက် သေဆုံးခဲ့ပြီး၊ (၆) ယောက် ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာပြင်းထန်ခဲ့သူ (၃) ဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီလ (၈) ရက်နေ့၌ ICRC မှ ဝန်ထမ်းနှစ်ဦး သွားရောက်၍ အဆိုပါလူနာသုံးဦးကို ထောက်ပံ့ကူညီရန် မေးမြန်းမှုပြုလုပ်နေစဉ် မောင်တောခရိုင် ဆရာဝန်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက တားမြစ်ခဲ့သည်။ ဒဏ်ရာရသူများကို အစိုးရမှလည်း မည်သည့်ထောက်ပံ့မှုများ မပေးသည့်အပြင် အကူအညီပေးရန် ကြိုးစားသည့် NGO ကဲ့သို့ အဖွဲ့များကိုလည်း အစိုးရက ကူညီထောက်ပံ့ခွင့် မပြုပေ။

ရခိုင်ပြည်နယ်အတွင်း နေထိုင်နေကြသော ရိုဟင်ဂျာများသည် စိုးရိမ်ဖွယ်ကောင်းသော လူမျိုးတုံးသတ်ဖြတ်မှုအန္တရယ်များကို ဆက်လက်ရင်ဆိုင်နေရသဖြင့် အရေးပေါ် အကာအကွယ်ပေးနိုင်ရန်အတွက် မြန်မာတပ်မတော်နှင့်အစိုးရကို ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံကဦးဆောင်၍ စွဲချက်တင် တရားဆွဲဆိုခဲ့ပြီး၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ICJ တရားရုံးက မြန်မာအစိုးရ လိုက်နာရန် အချက်လေးချက်ကို အမိန့်ချမှတ်ခဲ့ပါသည်။ ထိုအချက် (၄) ချက်ထဲတွင် ပြည်တွင်းနေ ရိုဟင်ဂျာများကို အစိုးရမှ အကာအကွယ်အပြည့်အဝပေးရန်ဟူသော အမိန့်ပါခဲ့သော်လည်း မြန်မာအစိုးရနှင့် တပ်မတော်တို့သည် အဆိုပါ အမိန့်ချမှတ်မှုကို အလေးမထားကြောင်း ယနေ့ ဖြစ်စဉ်က သက်သေခံနေသည်။

ရခိုင်ပြည်နယ်အတွင်းနေ ရိုဟင်ဂျာလူမျိုးအပေါ် မြန်မာအစိုးရနှင့်တပ်မတော်တို့၏ ရာဇာဝတ်မှုကျူးလွန်နေမှုများကို အချက်အလက်အပြည့်အစုံဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ အချိန်နှင့်တပြေးညီ တင်ပြသွားမည်ဟု မောင်တောခရိုင်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို အသေးစိတ် အချက်အလက်များ မှတ်တမ်းတင်နေသည့်အဖွဲ့ တာဝန်ခံ ဦးမြင့်ဇော် က ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ