ဘူးသီးတောင်၊ ဆင်သေပြင်ရွာမှ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦး ကျည်ဆံထိမှန်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း အခြေစိုက် မြန်မာစစ်တပ် စခန်းမှ ပစ်ခတ်မှုကြောင့် ဆင်သေပြင်ရွာမှ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦး ကျည်ဆံထိမှန်သွားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၄ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ သုံးဆယ်တစ်ပုံစေတီတွင် စခန်းချထားသည့် မြန်မာစစ်တပ်မှ ပစ်ခတ်သည့် ကျည်ဆံတစ်တောင့်သည် စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်အနောက်ရွာမှ ဦးမာမတ်ရော်ဖိတ်၏ နေအိမ်သို့ ကျရောက်ပြီး ဝါးနံရံမှ ဖောက်ထွက်ပြီး အိပ်စက်နေသည့် သမီးဖြစ်သူ အသက် (၇) နှစ်အရွယ် မဇိုက်နုခါ ၏ ဒူးကို ထိမှန်ခဲ့သည်။

“မနက်အစောကြီးမှာ အိပ်နေတဲ့ ကလေးမလေး ကျည်ဆံထိပြီး ဒဏ်ရာရသွားတယ်။ ရပ်မိရပ်ဖတွေက စစ်တပ်က ပစ်တာကြောင့် ကျည်ဆံထိတာ ဖြစ်တာကြောင့် သုံးဆယ်တစ်ပုံမှာရှိတဲ့ စစ်တပ်အရာရှိကို သွားအကြောင်းကြောင်းတယ်။ ဒါပေမယ့် စစ်တပ်ကတော့ သူတို့ ပစ်တာ မဟုတ်ဘူးလို့ ငြင်းတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

မိသားစုဝင်များက ဒဏ်ရာရရှိသည့် မိန်းကလေးငယ်ကို နံနက် ၁၀ နာရီခန့်တွင် ဘူးသီးတောင်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ 

သုံးဆယ်တစ်ပုံရှိ စစ်တပ်က တစ်ညလုံး လက်နက်ငယ်များဖြင့် ပစ်ခတ်လေ့ရှိပြီး၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်မ၊ တပ်ရင်းနှင့် စခန်းများမှ နေည အချိန်မတော် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လေ့ရှိသည်။ ထိုကဲ့သို့ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ ကျည်ဆံထိမှန်ပြီး ထိခိုက်ဒဏ်ရာရခြင်း၊ ဆေုံးခြင်း၊ တိရစ္ဆာန်တွေသေဆုံးရခြင်း၊ နေအိမ်များ မီးလောင်ခြင်းများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

ယခုလ (၇) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်မှုကြောင့် ကလေးငယ် (၄) ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး၊ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ