ဘူးသီးတောင် တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်း ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးက ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းကျေးရွာအုပ်စုတွင် ဒိုင်းနက်အိမ်ထောင်စု ၂၈ စု အပါအဝင် အိမ်ထောင်စု ၅၀၀ ကျော်ရှိသည်။ လူများစုဖြစ်သော ရိုဟင်ဂျာများကသာ ကျေးရွာကို အေးချမ်းတည်ငြိမ်စွာ အုပ်ချုပ်လာခဲ့သော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ တိုင်းရင်းသားများကသာ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်ခွင့်ရှိသည်ဟုဆိုကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ဗုဒ္ဓဘာသာဝင် အနည်းစုရှိသည့် ကျေးရွာများတွင်ပင် လူများစု၏ ဆန္ဒကို မလေးစားဘဲ ဗုဒ္ဓဘာသာဝင်များကိုသာ အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်လျက်ရှိသည်။ 

၂၀၁၃ ခုနှစ်တွင် တပ်မင်းချောင်းကျေးရွာအုပ်စု၌ အုပ်ချုပ်ရေးမှူး ခန့်အပ်ရန်အတွက် အိမ်ထောင်စု ၅၀၀ ကျော်မှ ရိုဟင်ဂျာများ၏ ဆန္ဒကို လျစ်လျူရှု၍ အိမ်ထောင်စု ၂၈ စုမှ ဒိုင်းနက်လူမျိုး ဦးကျော်လှအန် (ဘ) ဦးသာတွီးအောင်း (အသက် ၄၅ နှစ်) ကို ခန့်အပ်ခဲ့သည်။ အုပ်ချုပ်ရေးမှူး ခန့်အပ်ခံရသည့် ဦးကျော်လှအန်သည် ကျောင်းမနေခဲ့သောကြောင့် စာတစ်လုံးပင် မရေးတတ်သည့်အပြင် ၎င်း၏ လက်မှတ်ကိုပင် ထိုးတတ်သူ မဟုတ်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ ၁၉၈၆ ခုနှစ်တွင် ဓါးပြတိုက်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ ကျခံခဲ့ရသူလည်း ဖြစ်သည်။ 

၎င်းသည် ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်လာသည့် ၂၀၁၃ ခုနှစ်မှစ၍ ယခုအချိန်ထိ တပ်မင်းချောင်းမှ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်နေသည်ဟု ဒေသခံများက ပြောသည်။ ရွာထွက်လက်မှတ် တစ်စောင်အတွက် ငွေကျပ် ၅၀၀၀/- မှ ၁၀၀၀၀/- ထိ ယူသည်ဟု ဆိုကြသည်။ 

လက်ထပ်ခွင့် ခွင့်ပြုချက်အတွက် ငွေကျပ် ၆၀၀၀၀/-၊ အပြောင်းအရွှေ့ ထောက်ခံစာ အတွက် ငွေကျပ် ၂၅၀၀၀/-၊ မွေးထောက်ခံချက်အတွက် ငွေကျပ် ၃၅၀၀၀/-၊ စသည်ဖြင့် အတင်းအဓမ္မ ငွေညှစ်ယူသည်ဟု ဒေသခံများက ပြောသည်။ 

မောင်တောခရိုင်တွင် မ.က.ဖ (ယခင် န.စ.က) နှင့် လ.ဝ.က မှ ထုတ်ပေးသော အိမ်ထောင်စု လူဦးရေစာရင်း နှစ်မျိုးရှိသည်။ ကလေးမွေးတိုးတင်ရန် မ.က.ဖ ကို ငွေကျပ် ၅၀၀၀/- သာ ပေးရသော်လည်း တပ်မင်းချောင်း အုပ်ချုပ်ရေး ဦးကျော်လှအန်ကို မွေးတိုး ထောက်ခံစာ အတွက် ၅၀၀၀/- ကျပ်၊ မ.က.ဖ၊ လ.ဝ.က များမှ ပေးသည့် မွေးတိုးဖိုင်တွင် လက်မှတ်ထိုးရန် အတွက်ဟုဆိုကာ ငွေကျပ် ၃၀၀၀၀/- နှစ်ကြိမ်ပေးရသည်။ 

တပ်မင်းချောင်း ကျေးရွာမှ ရွာသားများသည် စိုက်ပျိုးမြေများ သိမ်းဆည်းခံရပြီးနောက်ပိုင်း စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ဦးကျော်လှအန် ကဲ့သို့ လူမိုက်ဆန်ဆန် အုပ်ချုပ်ရေးမှူး ပေးသည့် ဒုက္ခများကို ခါးစည်းခံနေရသည်ဟု ဆိုကြသည်။ 

တပ်မင်းချောင်းကျေးရွာတွင် ယခင်က စိုက်ပျိုးမြေဧက ၉၀၀ ကျော်ရှိခဲ့သည်။ ရွာသားများက မိုးစပါး၊ ဆောင်းသီးနှံ၊ နွေစပါး စသည်ဖြင့် စိုက်ပျိုး၍ အေးချမ်းတည်ငြိမ်စွာ နေထိုင်လာခဲ့သေည်လည်း ၁၉၉၂ ခုနှစ်မှစ၍ စစ်တပ်က စိုက်ပျိုးမြေများကို သိမ်းဆည်းခဲ့သည်။ စစ်တပ်က မတရားသဖြင့် သိမ်းဆည်းမှုကြောင့် ယခုဆိုလျှင် ရွာနှင့်ကပ်လျက် မြေဧက ၁၀၀ ကျော်သာ ကျန်ရှိတော့သည်။ 

တပ်ရင်း ၃၅၂ မှ ရွာမြောက်ဘက်ရှိ မြေများသိမ်းယူပြီးနောက် တပ်ရင်း ၃၅၄ မှ ရွာအရှေ့ရှိ မြေများ၊ စစ်ဗျူဟာက ရွာ၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်ရှိ မြေများ၊ တပ်မက ရွာ၏ အနောက်ရှိမြေများ၊ စစ်တွေ အခြေစိုက် စစ်အင်ဂျင်နီယာတပ် (GE) က ရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်ရှိ မြေများကို အသီးသီး သိမ်းဆည်းခဲ့သည်။ 

စစ်တပ်က မတရားသဖြင့် မြေများ သိမ်းဆည်းမှု ခံရပြီးနောက်ပိုင်းတွင် တပ်မင်းချောင်းမှ ရွာသူရွာသားများ စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်လာရသည်။ စားဝတ်နေရေး ဖြေရှင်းနိုင်ရန်အတွက် ၎င်းတို့၏ သိမ်းဆည်းခံ မြေများကို စစ်တပ်မှ ပြန်လည် ငှားရမ်းပြီး လုပ်ကိုင် စားသောက်နေရသည်။ 

တပ်မင်းချောင်း အခြေစိုက် စစ်တပ် တပ်ရင်းများက မိုးရာသီကုန်ဆုံးသည်နှင့် တပ်မင်းချောင်းမှ ချောင်းကို ရေငံမဝင်နိုငအောင် တာဆည်၍ မိုးရေများကို ထိန်းသိမ်း သိုလှောင်ထားသည်။ ထိုရေဖြင့် လယ်သမားများက ဆောင်းသီးနှံနှင့် နွေစပါးများ စိုက်ပျိုးကြသည်။ ချောင်းကို တာဆည်ရာတွင် လုပ်အား၊ သစ်၊ ဝါး စသည်ဖြင့် လိုအပ်သမျှကို လယ်သမားများက ပေးရပြီး တပ်ရင်းများက တစ်စုံတစ်ရာ ကူညီပေးခြင်း မရှိဘဲ တာဆည်ရန် အမိန့်ပေးခြင်းသာရှိသည်။ 

ရေများသိုလှောင်ထားသည့် တပ်ရင်းများက ၎င်းတို့ သိမ်းယူထားသည့် မြေများတွင် ဆောင်းသီးနှံ (အာလူး) စိုက်ရန်အတွက် မြေများကို ရွာသားများကို ငှားရမ်းပြီး၊ မြေငှားခ အပြင် ရေခဟုဆိုကာ အာလူး ကီလို ၂၀၀ ခန့်ပေးရသည်။ 

တောတောင်ရှိ စားကျက်မြေများတွင် ကျွဲ၊ နွားကျောင်းလိုလျှင် ကျွဲ၊ နွားတစ်ကောင်စီကို တစ်ရာသီအတွက် ငွေကျပ် ၃၀၀၀/- စီ ပေးရသည်။ ဝါး၊ ထင်းခုတ်လျှင်လည်း တစ်အိမ်ကို ငွေကျပ် ၃၀၀၀/- စီ ပေးရသည်။ 

တပ်မင်းချောင်းရှိ ရိုဟင်ဂျာများသည် အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်တို့၏ ဖိနှိပ်မှုမျိုးစုံကို ခံနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ