အသက်တစ်ချောင်း ကျပ်သုံးရာ
ကျပ် ၃၀၀ တန် ကျည်တစ်တောင့်
၁၀ လသားအရွယ် အသက်တစ်ချောင်း
မညှာမတာ လဲပစ်တာ
အို...ကြမ်းကြုတ်သူသတ္တဝါ
သားသမီးတန်ဖိုး
မင်း အမေ့ဆီက မေးကြည့်ပါ။
လမ်းပင် မှန်မှန်မလျှောက်တတ်
မိဘဆရာ ကျေးဇူးဆပ်တဲ့
ကျောင်းသား ဆယ်ယောက်အသက်
ယမ်းအစိတ်သားနဲ့ လဲပစ်တာ
အို...ကြမ်းကြုတ်သူသတ္တဝါ
သားသမီးတန်ဖိုး
မင်း အဖေ့ဆီက မေးကြည့်ပါ။
ဘယ်လူ ရန်သူ
ဘယ်လူ ပြည်သူ မခွဲခြား
ဝေဟင်ကနေ ရဟတ်ယာဉ်ဖြင့်
ငါတို့ အဘိုးအဘွား
ငါတို့ ကြက်၊ငှက်၊နွားကို
ရမ်းသမ်းပစ်ခတ်တာ
အို...ကြမ်းကြုတ်သူသတ္တဝါ
မိဘ တန်ဖိုး
မင်း သားသမီးဆီက မေးကြည့်ပါ။
မင်းပေးတဲ့ စစ်ကျေးဇူးကြောင့်
မြေစာပင်ဖြစ်ခဲ့ရတဲ့ လူမမယ်ကလေးမနည်းဘူး
လင်ယောကျ်ားမဲ့သွားတဲ့ မုဆိုးမတစ်ပုံ
ဒုက္ခိတ မောင်နှမ တစ်သိုက်ပဲ အဖတ်တင်တာ
အို... ကြမ်းကြုတ်သူသတ္တဝါ
ငါတို့ ဆုံးရှုံးမှု
မင်း ကိုယ့်ကိုကိုယ်မေးကြည့်ပါ။
လူတွေက လူတွေ ဖြုန်းတီးတာ
လူတွေကိုယ်တိုင်ဖန်တီးတဲ့ ဘေးဒုက္ခ
အို... ကြမ်းကြုတ်သူသတ္တဝါ
မင်း ပေးတဲ့ စစ်လက်ဆောင်
ငါတို့နောက်ထပ်မယူပါရစေနဲ့လား။
ဘယ်သူ တရားသလဲ
ဘယ်သူ မတရားသလဲ
ငါ့တို့ကို နားမချပါနဲ့
ငါတို့ သိတာ စစ်လိုလားတဲ့အုပ်စုနဲ့
စစ်မလိုလားတဲ့ အုပ်စုပါပဲ။
ဗုံးသံ၊ မိုင်းသံ၊ သေနတ်သံတွေကြားမှာ
ငါတို့ရဲ့ တရားသံတွေ မှေးမှိန်နေလေပြီ။
ညည့်နက်တွေမှာ
ဗုံးသံကြောင့် လန့်နိုးရတဲ့အစား
နိဗ္ဗာန်ဆော်သံတွေ ကြားချင်လှပြီ။
အို....စစ်ကြိုက်တဲ့ သတ္တဝါတို့
ငါတို့နေရာမှ ဖယ်ပေးကြ။
ငြိမ်းချမ်းရေးအလင်းတန်း
ဒီည အရုဏ်မှာ မြင်ချင်လှပြီ။