မင်းပြားမြို့နယ် ဆမ္ဘလီကျေးရွာမှ ရိုဟင်ဂျာနှစ်ဦးကို ရခိုင်လက်နက်ကိုင်များက ဖမ်းဆီးသွားပြီးနောက် တစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိ
ခင်မောင်နိုင် Rohingya Today
ချောင်း၌ ရှာဖွေတွေ့ရှိခဲ့သည် ဦးဟိုင်ရုလ်အာမီးန်၏ ရုပ်အလောင်း

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဆမ္ဘလီကျေးရွာမှ ဒေသခံရိုဟင်ဂျာနှစ်ဦးကို ဇန်နဝါရီလ ၁ ရက်နေ့က ရခိုင်လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် ဖမ်းဆီးခံရသူတစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ 

ဆမ္ဘလီကျေးရွာမှ ဦးအီဆုပ် (ဘ) ဦးကာလူ (အသက် ၆၀ နှစ်) နှင့် ဦးဟိုင်ရုလ်အာမီးန် (ဘ) ဦးမာဆောင်း (အသက် ၃၂ နှစ်) တို့ နှစ်ဦးကို ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် ရာမောင်တံတားအနီး၌ တလင်းစောင့်နေစဉ် လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုး ၅ ဦးက ရိုက်နှက် ထိုးကြိတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

၎င်းတို့အား မိသားစုဝင်များက ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် လိုက်လံရှာဖွေခဲ့ရာ တလင်းနှင့် မနီးမဝေးနေရာတစ်နေရာတွင် ၎င်းတို့၏ အဝတ်အစားအချို့နှင့် သွေးများကို တွေ့ရှိခဲ့သော်လည်း ၎င်းတို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ပေ။ 

ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် ချောင်း၌ မျောနေသည့် ဦးဟိုင်ရုလ်အာမီးန် (ဘ) ဦးမာဆောင်း (အသက် ၃၂ နှစ်) ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ ရုပ်အလောင်းကို တွေ့ရှိသည့် အချိန်တွင် ပါးစပ်ကို အဝတ်တစ်ခုဖြင့် ချည်နှောင်ထားပြီး၊ ရုပ်အလောင်းကို ပလတ်စတစ်အိတ်၊ ပီနံအိတ်များဖြင့် လိပ်ထားသည်။ ပီနံအိတ်ထဲတွင် ကျောက်ခဲများ ထည့်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

မိသားစုဝင်များက ရုပ်အလောင်းကို ချောင်းမှ ဆယ်ယူပြီး မြောင်းဘွယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးပြီးနောက် ရုပ်အလောင်းကို မိသားစုများထံ ပြန်လည်အပ်နှံခဲ့သည်။ မိသားစုဝင်များက ရုပ်အလောင်းကို နေအိမ်သို့ သယ်ဆောင်လာပြီး မြေမြှုပ်သဂြိုဟ်ခဲ့သည်။ 

ဦးဟိုင်ရုလ်အာမီးန်သည် ဦးအီဆုပ်၏ သားမက်တော်စပ်သူ ဖြစ်သည်။ ဦးဟိုင်ရုလ်အာမီးန်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ယောက္ခထီးတော်စပ်သူ ဦးအီဆုပ်နှင့် ပတ်သက်၍ သတင်းတစ်စုံတစ်ရာ ရရှိခြင်း မရှိသေးသောကြောင့် သတ်ဖြတ်ခံရပြီး တစ်နေရာရာတွင် ပစ်ထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ