မိကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က နခခ ၃ အတွက်ဟုဆိုကာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ ပိုင်ဆိုင်သည့် ခြံဝင်းများထဲမှ ဝါးနက်များခုတ်ထွင် ရောင်းစား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က ယင်းကျေးရွာအုပ်စုမှ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ ပိုင်ဆိုင်သည့် အိမ်ခြံဝင်းများထဲမှ ဝါးနက်များကို ခုတ်ထွင်၍ ရောင်းစားနေပြီး၊ နခခ ၃ အတွက်ဟု ပြောဆိုနေသည်။ 

မိကျောင်းဈေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဟာဘေဇူရာမာန် (ဘ) ဦးဆော်ယီဒူရာမာန်နှင့် ကျေးရွာတာဝန်ခံ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးနာဇိရ်ဟူစိန်း တို့သည် ယင်းကျေးရွာအုပ်စုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ ပိုင်ဆိုင်သည့် အိမ်ခြံဝင်းများမှ ဝါးနက်များကို ခုတ်ထွင်၍ ဘူးသီးတောင်မြို့နယ် မြောင်းနားကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအာနိုဝါရ်ကို ရောင်းစားနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က မတရားသဖြင့် ရောင်းစားသည့်အပြင် ရွာသားများကို လုပ်အားပေးခိုင်းခြင်းများ ပြုလုပ်သည်။ 

ဘူးသီးတောင်မြို့နယ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၃) တပ်ရင်းမှူးက တောင်းသည့်အတွက် ပေးရမှာ ဖြစ်ကြောင်းပြောဆို၍ တစ်နေ့လျှင် ရွာသား ၃၀ ဦးစီ လုပ်အားပေးခိုင်းသည်။ လုပ်အားပေးရသူများသည် တစ်နေကုန် ရွာပတ်ပြီး ဝါးနက်များ ခုတ်ရပြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးအတွက်ဟု ဆိုသောကြောင့် ကြောက်ရွံ၍ လုပ်ကိုင်ကြရသည်။ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ စတင်ခုတ်ထွင်နေခြင်း ဖြစ်ပြီး၊ လုပ်အားပေးနေရသူများသည် တစ်နေကုန် ခုတ်၍ ရရှိသည့် ဝါးနက်များကို ညနေပိုင်းတွင် တီဘာကားကြီးပေါ်သို့ တင်ပေးရသည်။

“ကျွန်တော်တို့ ရွာသားတွေက စုံစမ်းကြည့်တော့ နခခ (၃) တပ်ရင်းမှူး အတွက် မဟုတ်ဘူး။ မြောင်းနား အုပ်ချုပ်ရေးမှူးဟောင်း အာနိုဝါရ်ကို ရောင်းစားနေတာကို တွေ့ရတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။ 

စတင်ခုတ်သည့်နေ့မှစ၍ ယနေ့ထိ ဝါးနက် ၅၀၀၀ ခန့် ခုတ်လိုက်ပြီ ဖြစ်ကြောင်း၊ နခခ (၃) မှ တပ်ရင်းမှူး၏ အမည်ကို အလွဲသုံးစား ပြုလုပ်သည့်အပြင် ရွာသားများကိုလည်း အတင်းအဓမ္မ လုပ်အားပေးခိုင်းလျက် ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ 

ဝါးနက်တစ်လုံး၏ ကာလတန်ဖိုးမှာ ငွေကျပ် ၂၅၀၀/- မှ ၃၀၀၀/- ကျပ်အထိ ရှိသည်။ 

မိကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့သည် နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်နှင့် နှစ်နှစ်အောက် ကလေးများ၏ မိခင်များအတွက် ထောက်ပံ့ခဲ့သည့် ထောက်ပံ့ကြေးများမှလည်း အများအပြား ခေါင်းပုံဖြတ်စားခဲ့သူများ ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ