ထောင်ဒဏ်ချမှတ်ခံရသောကြောင့် အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ခံရသူများကို အိမ်ထောင်စုစာရင်းထဲသို့ ပြန်လည် ထည့်သွင်းခွင့်မပြု
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာမှ အကျဉ်းကျခံရသူ ၂၂ ဦးကို အိမ်ထောင်စုစာရင်းများမှ ပယ်ဖျက်ခဲ့ပြီး၊ ထောင်မှ ပြန်လွတ်လာပြီးနောက် အိမ်ထောင်စုစာရင်းတွင် ပြန်လည် ထည့်သွင်းခွင့် မပြုကြောင်း ဒေသခံများက ပြောသည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာအုပ်စုကို ဝန်းရံပိတ်ဆို့ပြီး အပြစ်မဲ့ ရွာသား ၂၄ ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲ၍ ဘူးသီးတောင် အကျဉ်းထောင်၌ ချုပ်နှောင်ထားခဲ့သည်။ ၇ လခန့် ချုပ်နှောင်ထားပြီးနောက် နှစ်ဦးကို တရားသေ လွှတ်ပေးခဲ့သော်လည်း ကျန်သည့် ၂၂ ဦးကို ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည်ဟု ဆိုကာ ပုဒ်မ ၁၇-၁ ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။ အကျဉ်းထောင်ထဲတွင် နှစ်နှစ်ခွဲခန့် အကျဉ်းကျခံပြီးနောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့သည်။

၂၀၁၂ ခုနှစ် နောက်ပိုင်း အကျဉ်းကျခံရသူများကို အကျဉ်းထောင်မှ လွှတ်ပေးသည့်အခါ NVC ကိုပါ တစ်ပါတည်း ထုတ်ပေးလေ့ရှိသော်လည်း အနည်းငယ်ကို ထုတ်မပေးဘဲ လွှတ်ပေးသည်များလည်း ရှိသည်။ ဦးလှဖေကျေးရွာမှ ရွာသား ၂၂ ဦးကို လွှတ်ပေးစဉ် NVC ထုတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။

ပြန်လည် လွတ်မြောက်လာသူများသည် ၎င်းတို့၏ ကျေးရွာသို့ ဆွဲ၊တင်၊စစ် စစ်ဆေးရန် ရောက်ရှိလာသည့် မ.က.ဖ အဖွဲ့ထံ ထောင်ထွက်လက်မှတ်နှင့်အတူ သွားရောက်၍ ၎င်းတို့အား အိမ်ထောင်စုစာရင်းထဲသို့ ပြန်လည် ထည့်သွင်းပေးရန် လျှောက်ထားသော်လည်း မ.က.ဖ အဖွဲ့က NVC ရှိမှသာ အိမ်ထောင်စုစာရင်းထဲသို့ ပြန်လည် ထည့်သွင်းပေးမည်ဟု ပြောကြားခဲ့သည်။ 

ရွာသား ၂၂ ဦးက ၎င်းတို့အနေဖြင့် NVC လက်မခံနိုင်ကြောင်း ပြောဆိုသဖြင့် အိမ်ထောင်စုစာရင်းထဲသို့ ပြန်လည် ထည့်သွင်း မပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ ၎င်းတို့က အကြိမ်ကြိမ် တောင်းဆိုသော်လည်း NVC မပါဘဲ လုံး၀ ထည့်သွင်းပေးမည် မဟုတ်ဟု မ.က.ဖ အဖွဲ့က ပြောဆိုခဲ့သည်။

“သူတို့ ဖမ်းခံရတုန်းကလည်း မတရားသဖြင့် ဖမ်းခံခဲ့ရတာ။ တဖက်နိုင်ငံကို ထွက်ပြေးတယ်ဆိုရင် အိမ်ထောင်စုစာရင်းကနေ BD ပြေးဆိုပြီး ထုတ်ပစ်တယ်။ အခုက မတရားသဖြင့် ထောင်ချခံရတယ်။ အိမ်ထောင်စုစာရင်းကနေ မတရားသဖြင့် ထုတ်ခံရတယ်။ ပြန်ထည့်ပေးဖို့ ထောင်ထွက်လက်မှတ်နဲ့ အတူ သွားတော့ NVC မပါရင် မရဘူးဆိုပြီး မထည့်ပေးဘူး။ နိုင်ငံတွင်းမှာ ရှိရက်နဲ့ နိုင်ငံမဲ့ ဖြစ်ပြီ။ ဒီလူတွေကို ထွက်ပြေးအောင် တွန်းပို့နေသလိုပဲ” ဟု ဒေသခံတစ်ဦးက ဝေဖန်ပြောဆိုသည်။ 

အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီး အိမ်ထောင်စုစာရင်းထဲသို့ ပြန်လည်ထည့်သွင်းခွင့် မရသူများမှာ --

(၁) ဦးမာမတ်အီဆုဖ် (ဘ) ဦးဖော်ဇောလ်အာမတ်
(၂) ဦးဖုရ်ခါန် (ဘ) ဦးဖော်ဇောလ်အာမတ်
(၃) ဦးဟာဘီအုလ္လာ (ဘ) ဦးအာမီနုလ်ဟောခ်
(၄) ဦးဟူဆောင်အာမတ် (ဘ) ဦးအလီအာခ်ဘောရ်
(၅) ဦးမာမတ်ရှာကဲရ် (ဘ) ဦးအလီမျာ
(၆) ဦးမာမတ်ဇူဘိုင်ရ် (ဘ) ဦးအလီမျာ
(၇) ဦးမာမတ်ဆာဒဲခ် (ဘ) ဦးရှာကဲရ်အာမတ်
(၈) ဦးအာမတ်ဒုလ္လာ (ဘ) ဦးအာမီနုလ်ဟောခ်
(၉) ဦးအေဆာန်အုလ္လာ (ဘ) ဦးမာမတ်ဆော်ယာဒ်
(၁၀) ဦးဇာဟိဒူလ္လာ (ဘ) ဦးမာမတ်ဆော်ယာဒ်
(၁၁) ဦးမာမတ်အာနီးစ် (ဘ) ဦးအာမတ်ဆော်ယာဒ်
(၁၂) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအလီဟူစိန်း
(၁၃) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးတော်ဇူမုလ်ဟောခ်
(၁၄) ဦးဆော်လာမာဒ်အုလ္လာ (ဘ) ဦးနူရုလ်ဟာကိမ်း
(၁၅) ဦးအီမာန်ဟူစိန်း (ဘ) ဦးအာဘုလ်ဘာဆဲရ်
(၁၆) ဦးကာမာလ်ဟူစိန်း 
(၁၇) ဦးအဒူလ်ဟာမိတ် (ဘ) ဦးအဒူကော်ရီးမ်
(၁၈) ဦးအီဗြာဟိမ်း (ဘ) ဦးရှုနာမျာ
(၁၉) ဦးဟာဖီးဇ်ဟမ်ဇာ (ဘ) ဦးအာဘုလ်ဟူစိန်း
(၂၀) ဦးဆီရာဇူလ္လာ (ဘ) ဦးတော်မီဇူလ္လာ
(၂၁) ဦးအာမာန်အုလ္လာ (ဘ) ဦးဂေါ်နူမျာ
(၂၂) ဦးမော်ဆောင်န်အလီ (ဘ) ဦးမာမတ်နော်ဘီ -- တို့ဖြစ်ကြသည်။ 

 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ