ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်တွင် လက်နက်ကြီးထိမှန်ပြီး ရိုဟင်ဂျာ ကလေး ၄ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
ကျော်စိုး Rohingya Today
သေဆုံးသွားသည့် ကလေးငယ်တစ်ဦး

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးပေါက်ကျေးရွာ၏ အရှေ့ဘက်ရှိ တောင်ခြေတွင် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀း၄၀ နာရီ အချိန်တွင် လက်နက်ကြီး ထိမှန်ပြီး ရိုဟင်ဂျာကလေး ၄ ဦး သေဆုံးပြီး၊ ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ထိပ်ထူးပေါက်ကျေးရွာမှ ရိုဟင်ဂျာလူငယ် ကျူရှင်ဆရာ အလီဂျူဟာရ် သည် ကလေးငယ်များကို စာသင်ပြီးနောက် နံနက် ၁၀း၄၀ နာရီအချိန်တွင် ကလေး ၉ ဦးနှင့်အတူ ရွာအရှေ့ဘက်၌ ကပ်လျက်ရှိသော တောင်ခြေမှ သွားနေစဉ် လက်နက်ကြီး ထိမှန်ပြီး ကလေး ၄ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်သည့် ၆ ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

လက်နက်ကြီး ထိမှန်ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ထိပ်ထူးပေါက်တွင် စခန်းချနေသည့် စစ်သားများက လာရောက်၍ ကြည့်ရှုပြီး အမည်စာရင်းများကို မှတ်ယူသွားသည်။ 

သေဆုံးသွားသူ ကလေးတစ်ဦး၏ မျက်နှာတစ်ခုလုံး ကြေမွ ပျက်စီးသွားသည်။ ဒဏ်ရာရရှိသူ ၆ ဦးနှင့် သေဆုံးသွားသည့် ကလေးနှစ်ဦးကို အသက်ရှင်နေသေးသည်ဟု ယူဆပြီး ဘူးသီးတောင်မြို့နယ် ဆေးရုံသို့ ခေါ်ဆောင်သွားပြီး၊ ထိုမှတဆင့် ဒဏ်ရာပြင်းထန်သူ ဆရာအပါအဝင် ၃ ဦးကို မောင်တော ဆေးရုံသို့ ပို့ဆောင်လိုက်သည်။ 

သေဆုံးသွားသည့် ကလေးများမှာ --

(၁) ယာစီးန်အုလ္လာ (ဘ) ဦးအဒူဇော်ဘောရ် (အသက် ၁၀ နှစ်)
(၂) အဒူရာမာန် (ဘ) ဦးမုစ်တာဖာကာမာလ် (အသက် ၁၀ နှစ်)
(၃) အာမာန်အုလ္လာ (ဘ) ဦးဆော်လိမ် (အသက် ၈ နှစ်)
(၄) အာရော်ဖ်အုလ္လာ (ဘ) ဦးအလီဂျူဟာရ် (အသက် ၈ နှစ်) - တို့ဖြစ်ကြသည်။ 

ဒဏ်ရာရရှိသူများမှာ --

(၁) အလီဂျူဟာရ် (ဘ) ဦးဆုလ်တာန် (အသက် ၂၅ နှစ်)
(၂) အာမီးရ်ဟာကိမ်း (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၈ နှစ်)
(၃) အဒူမနာန် (ဘ) ဦးအဒူဆော်လာမ် (အသက် ၈ နှစ်)
(၄) အာဇီဇူရာမာန် (ဘ) ဦးမုစ်တာဖာကာမာလ် (အသက် ၈ နှစ်)
(၅) အမ်ရာန် (ဘ) ဦးရှောမ်ရှုအာလောမ် (အသက် ၁၀ နှစ်)
(၆) အာဘူတာဟဲရ် (ဘ) ဦးဖော်ယာစ် (အသက် ၁၀ နှစ်) - တို့ဖြစ်ကြသည်။ 
အာဘူတာဟဲရ် (ဘ) ဦးဖော်ယာစ် သည် ဆင်သေပြင်ရွာမှ ထိပ်ထူးပေါက်ရွာသို့ ပြောင်းရွှေ့နေထိုင်သူ ဖြစ်သည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။ တိုက်ပွဲများ ဖြစ်ပွားသောကြောင့် ယင်းဒေသတွင် စစ်တပ်က စခန်းများချထားလေ့ရှိသည်။ စစ်သားများက တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသောအချိန်အခါမျိုးတွင်လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်လေ့ရှိသည်။ 

ဒပြူးချောင်း အခြေစိုက် တပ်မ၊ တပ်ရင်း ၅၅၁၊ စိုင်းဒင်တံတား အခြေစိုက် စစ်စခန်းများမှ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ AA ကလည်း တစ်ခါတစ်ရံ ပစ်ခတ်ခြင်းများ ရှိသည်ဟု ထည့်သွင်းပြောကြားသည်။ 

ယနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မီဒီယာများကို AA က ထောင်ထားသည့် မိုင်းပေါက်ကွဲသည်ဟု ပြောဆိုနေသော်လည်း အခင်းဖြစ်ပွားသည့် နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မြေကျင်း မြေတွင်း ဖြစ်သွားသည့် နေရာ မတွေ့ရှိရပေ။ 

ဒဏ်ရာရရှိသူများကို ဆေးကုသပေးနေစဉ် တွေ့မြင်ရသည့် အခြေအနေများအရ ဆိုလျှင်လည်း မိုင်းပေါက်ကွဲခြင်း မဟုတ်သည်မှာ သေချာသည်ဟု ပေါက်ကွဲမှုဖြစ်စဉ်များကို တောက်လျှောက် လေ့လာနေသူများက သုံးသပ်ပြောဆိုကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ