ဒီမိုကရေစီစနစ်လား၊ တမင်လူမျိုးရေးခွဲခြားသည့် စနစ်လား
မင်းနိုင်ဦး Rohingya Today

အိမ်ထောင်စု ၁၃၀၀ ခန့်ရှိနေသည့် ရပ်ကွက်တစ်ခုတွင်အိမ်ထောင်စု ၅၀ လောက်၏ ဆန္ဒမဲဖြင့်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်ပြုလုပ်နေခြင်းသည်ဒီမိုကရေစီကို အိုးမဲသုတ်နေသကဲ့ ဖြစ်နေသည်

 

မောင်တောမြို့နယ်၊ မြို့မကညင်တန်ကျေးရွာအုပ်စုကို လွန်ခဲ့သောနှစ်ရာပေါင်းများစွာကပင် ရိုဟင်ဂျာများ တည်ထောင်ခဲ့သည်။ ထိုကျေးရွာအုပ်စုတွင် မြို့မကညင်တန်ကျေးရွာနှင့် မောင်နီကျေးရွာတို့ ပါဝင်ကြသည်။ ၎င်းရွာနှစ်ရွာတွင် ရွာတည်ကတည်းကပင် ရိုဟင်ဂျာလူမျိုး တစ်မျိုးတည်းသာ နေထိုင်လာခဲ့ကြသည်။ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရ၏ တာဝန်ပေးအပ်လာမှု၊ ရွာသူရွာသားများ၏ ဆန္ဒသဘောထားဖြင့် ကျေးရွာအုပ်ရေးကို ရိုဟင်ဂျာလူမျိုးကသာ တာဝန်ယူခဲ့ပါသည်။ ရွာသူကြီး၊ ကျေးရွာဥက္ကဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အသီးသီးအဖြစ်တာဝန်ယူ အုပ်ချုပ်လာခဲ့သည်မှာ ယနေ့အချိန်အထိပင်ဖြစ်ပါသည်

 

မောင်တောမြို့နယ်တွင် ယခင်က ရပ်ကွက်(၆) ခု ရှိခဲ့ရာမှ နောက်ထပ်ရပ်ကွက်(၆) ခု တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ပြည်ထောင်အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အမိန်ကြော်ငြာစာ (၃၀၄/၂၀၁၉) အရ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင်ကြေညာခဲ့ပါသည်။ ထိုသို့ ရပ်ကွက်များ တိုးချဲ့ဖွဲ့စည်းရာတွင် မြို့မကညင်တန်ကျေးရွာအုပ်စုကိုလည်း "ကညင်တန်းရပ်ကွက်" နှင့်"မောင်နီရပ်ကွက်" ဟူ သီးခြားရပ်ကွက်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အမိန်ကြော်ငြာချက်၌ ပါရှိသည်။ 

 

မြို့မကညင်တန်ကျေးရွာတွင် ယခင်က ရိုဟင်ဂျာလူမျိုးမှအပ အခြားလူမျိုးများ နေထိုင်ခဲ့ခြင်း မရှိခဲ့ပေ။ န.ဝ.တ အစိုးရခေတ်၊ ဘုန်းမီးနေလထွန်းပနေသော ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှမ်ရေးအဖွဲ့၊ အမှတ်၁၈ ထောက်လှမ်ရေးအဖွဲ့က မြို့မကညင်တန်မြောက်ဘက်ရှိ ရိုဟင်ဂျာပိုင်လယ်ယာမြေများကို သိမ်းပိုက်ကာ ဗုဒ္ဓဓမ္မာရုံတစ်ခု တည်ဆောက်ခဲ့ပြီး ဓမ္မရုံ၏ အနီးတစ်ဝိုက်တွင်လည်း ရခိုင်အိမ် ၁၀ လုံးအတွက် နေရာချပေးခဲ့သည်။ နောက်ပိုင်းတွင်ဓမ္မရုံအနီးအနားမှ ရိုဟင်ဂျာပိုင်လယ်ယာမြေများကို ထပ်မံသိမ်းယူ၍ အောင်မြေဗာဓိကျောင်းတိုက်ဟူ၍ တည်ဆောက်ခဲ့သည်။ 

 

မြို့မကညင်တန်ကျေးရွာသည် မြို့မအရှေ့ရပ်ကွက် (ယခင်-အမှတ်၄ ရပ်ကွက်) ၏ အရှေ့ဘက်တွင်တည်ရှိသည်။ ယခုအခါ အဆိုပါ မြို့မအရှေ့ရပ်ကွက်နေ ရခိုင်လူမျိုး အိမ်ထောင်စုအနည်းငယ်ကို အသစ်ပြောင်းလဲဖွဲ့စည်းလိုက်သော မြို့မကညင်တန်းရပ်ကွက်သို့ ထည့်၍ ထိုအိမ်ထောင်စုများထဲမှ မြို့မကညင်တန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်တင်မြှောက်ပေးရန် စီစဉ်နေသည်။ 

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတွင် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ကညင်တန်းရပ်ကွက်အုပ်ချုပ်ရေး ငါးဦးကော်မတီ (ရပ်မိရပ်ဖ) အဖွဲ့ကို အဆိုပါ ရခိုင်အိမ်ထောင်စု အနည်းငယ်မှ ရွေးချယ်ဖွဲ့စည်းခဲ့သည်။ ကညင်တန်းရွာသူရွာသားများကို မြို့နယ်အုပ်ရေးမှူးရုံးက မည်သို့မျှ အသိပေးခဲ့ခြင်းလည်း မရှိခဲ့ပေ။

 

အိမ်ထောင်စု ၁၃၀၀ ခန့်၊ လူဦးရေအားဖြင့် တစ်သောင်းခန့် ရှိနေသည့် မြို့မကညင်တန်ရပ်ကွက်နေ ရိုဟင်ဂျာများ၏ ဆန္ဒသဘောထားကို ဂရုမစိုက်ဘဲ အခြားရပ်ကွက်မှ ရခိုင်လူမျိုးတစ်ဦးကို မြို့မကညင်တန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ရန်စီစဉ်နေခြင်းသည် မြို့မကညင်တန်နေ ရိုဟင်ဂျာများကို ရည်ရွယ်ချက်ရှိရှိ ခွဲခြားဖိနှိပ်ရန် စီစဉ်နေခြင်းပင်ဖြစ်သည်။ ထိုသို့ အိမ်ထောင်စုများကို မြို့မကညင်တန်းရပ်ကွက်ထဲသို့ တွန်းပို့သည့်တိုင် ရခိုင်လူမျိုးသည် လူဦးရေအားဖြင့် ဝ.၅ ရခိုင်နှုန်းခန့်သာ ရှိသည်။ အုပ်ချုပ်ရေးမှူးများကို အများပြည်သူ၏ ဆန္ဒမဲဖြင့်သာ တင်မြှောက်ကြရသည့် ယနေ့ ဒီမိုကရေစီအစိုးရလက်ထက်တွင် မြို့မကညင်တန်ကျေးရွာ၏ မူလဘူတ ရိုဟင်ဂျာပြည်သူများ၏ ဆန္ဒသဘောထားကို လစ်လျူရှု၍ အခြားရပ်ကွက်နေ လူပုဂ္ဂိုလ်တစ်ဦးဖြစ်စေ၊ ကညင်တန်ကျေးရွာသို့ န.ဝ.တ အစိုးရလက်ထက်က ဝင်ရောက်နေထိုင်လာသော ရခိုင်အိမ်ထောင်စု အနည်းငယ်မှ ဖြစ်စေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်နေခြင်းသည် ဒီမိုကရေစီကို အိုးမဲသုတ်နေသကဲ့ ဖြစ်နေပါသည်။ 

 

ယခုအခါ ကညင်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးလောင်းအဖြစ် ရခိုင်လူမျိုး သုံးဦးက မြို့နယ်အုပ်ချုပ်ရေးရုံးသို့ အမည်စာရင်း တင်သွင်းထားကြောင်း သိရှိရသည်။ ထိုသုံးဦးတွင်အငြိမ်းစား ရဲတပ်ကြပ်တစ်ဦးလည်းပါဝင်ပြီး ၎င်းကို ရိုဟင်ဂျာများနှင့် ပေါင်းသင်း ဆက်ဆံနေသည်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးရုံးမှ ရခိုင်လူမျိုးဝန်ထမ်းများနှင့် အခြားသောရခိုင်အချို့က ကန့်ကွက်နေကြကြောင် သတင်းများလည်း ထွက်ပေါ်လျက်ရှိပါသည်။ ဤအချက်ကို ကြည့်လျှင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရခိုင်လူမျိုးများက ကညင်တန်းရပ်ကွက်က ရိုဟင်ဂျာများကို ခွဲခြားဖိနှိပ်၍ ကျေးရွာ/ရပ်ကွက်မှ ဖယ်ရှားရန်အစီအစဉ်ဆွဲနေသည်မှာ ထင်ရှားနေပါသည်

 

ကျေးရွာ/ရပ်ကွက်အတွင်း မှီတင်နေထိုင်လာကြသော လူများစု၏ ဆန္ဒသဘောထားကို လုံးဝလစ်လျူရှု၍ ဝ.၅ ရာခိုင်နှုန်းသာရှိသည့်လူဦးရေ၏ ဆန္ဒကိုရယူ၍ မဆိုင်သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်အုပ်ချုပ်စေခြင်းသည် ကညင်တန်ရပ်ကွက်နေ ရိုဟင်ဂျာများ၏ အခြေခံအခွင့်ရေးများမှစ၍ အစစအရာရာ ဆုံးရှုံးစေရန် ရည်ရွယ်လုပ်ဆောင်နေသည်မှာ ထင်ရှားပေါ်လွင်နေသည်။ ဤသို့ပြုလုပ်နေခြင်းသည် ဒေသတွင်မတည်ငြိမ်မှုဖြစ်စေရန် အစိုးရကိုယ်တိုင်က ဦးဆောင်ကောင်အထည်ဖော်နေသလို ဖြစ်နေသည်။

 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ