ဘူးသီးတောင်မှ ယာဉ်ထိန်းရဲများက သုံးဘီး တက္ကစီနှင့် ဆိုင်ကယ်သမားများကို မတရားဖမ်းဆီး ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ ယာဉ်ထိန်းတာဝန်ခံ ဒုရဲအုပ်မိုးသူရ၊ တပ်ကြပ်စံရွှေလှ၊ ဒုတပ်ကြပ်ထွန်းကျော်နိုင်၊ ဒုတပ်ကြပ်ထွန်းထွန်းဦးနှင့် အမည်မသိတပ်သားတစ်ဦးတို့က သုံးဘီး တက္ကစီမောင်း၍ ဝမ်းစာရှာဖွေနေသော ရိုဟင်ဂျာများနှင့် ဆိုင်ကယ်စီးသွားသူများကို မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်လျက်ရှိသည်။ 

ရိုဟင်ဂျာများ မောင်းနှင်သည့် သုံးဘီးတက္ကစီများ ဘူးသီးတောင်မြို့ပေါ်သို့ ရောက်သည်နှင့် ယာဉ်ထိန်းရဲများက အပြစ်တစ်ခုမဟုတ်တစ်ခု ရှာဖွေ၍ ဖမ်းဆီးကာ ငွေညှစ်လေ့ရှိသည်။ ထို့အပြင် လစဉ်ကြေး ကောက်ခံခြင်းများ ပြုလုပ်သည်။ မောင်းနှင်သူက ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် မည်သို့မျှ နှောက်ယှက်ခြင်း မပြုလုပ်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

သုံးဘီးတက္ကစီ မောင်းနှင်၍ ဝမ်းစာရှာဖွေနေသည့် ရိုဟင်ဂျာများမှာ ဆင်းရဲသားများ ဖြစ်ကြပြီး တစ်နေ့လုပ် တစ်နေ့ စားနေရသူများ ဖြစ်ကြသည်။ 

ယာဉ်ထိန်းရဲများက မတရားသဖြင့် ဖမ်းဆီး ငွေညှစ်နေမှုကြောင့် ဘူးသီးတောင်မြို့နယ်ရှိ သုံးဘီးတက္ကစီ မောင်းနှင်သူများ၏ မိသားစုများ စားဝတ်နေရေးအတွင်ပင် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။ အများအားဖြင့် နယ်ပိုင်းမှ မြို့ပေါ်သို့ တက်လာသည့် တက္ကစီသမားများကိုသာ ယာဉ်ထိန်းရဲများက ပစ်မှတ်ထား၍ ဖမ်းဆီး ငွေညှစ်လေ့ရှိသည်။ 

“ဖမ်းရင်လည်း ငွေညှစ်ပြီး ချက်ချင်း ပြန်မလွှတ်ဘူး၊ ယာဉ်ထိန်းရဲရုံးမှာ တစ်နေကုန်ထိုင်ခိုင်းထားပြီး ညနေ နေဝင်တော့မှ ငွေညှစ်ပြီး ပြန်လွှတ်တယ်။ အဲဒီတော့ တစ်နေကုန် တက္ကစီ မောင်းလို့မရဘူး။ ငွေညှစ်တာလည်း နည်းနည်းပါးပါး မဟုတ်ဘူး။ တက္ကစီတစ်စီးကို တစ်သိန်းကနေ နှစ်သိန်းထိ ညှစ်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ယာဉ်ထိန်းရဲများက ကင်းတောင်ကျေးရွာ၊ ကွန်တိုင်ကျေးရွာ၊ ကကျက်ဘက်ကျေးရွာနှင့် ဦးလှဖေကျေးရွာများမှ မောင်းနှင်လာသော တက္ကစီများကို ဖမ်းဆီး၍ အမှတ် ၅ ရပ်ကွက်ရှိ ယာဉ်ထိန်းရဲရုံးတွင် ထိန်းသိမ်းထားပြီး၊ တရားစွဲဆို၍ ထောင်ချမည်ဟု ခြိမ်းခြောက်၍ ညနေ နေဝင်ချိန်ခန့်တွင် တက္ကစီတစ်စီးလျှင် ငွေကျပ်တစ်သိန်းစီ ညှစ်ယူ၍ ပြန်လွှတ်ပေးခဲ့သည်။ ထို့အပြင် ဖမ်းဆီးထားစဉ် ယာဉ်ထိန်းရဲများက တက္ကစီမောင်းနှင်သူ အချို့ကို ထိုးကြိတ်ခဲ့သည်။ 

ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင်လည်း ဒုရဲအုပ်မိုးသူရ အပါအဝင် ယာဉ်ထိန်းရဲ ၃ ဦးက မောင်ကြီးတောင်ကျေးရွာမှ ဆိုင်ကယ်စီး၍ ဘူးသီးတောင်မြို့ပေါ်သို့ သွားနေသည့် ရိုဟင်ဂျာ ၄ ဦးကို လမ်းတစ်ပိုင်းတွင် ဖမ်းဆီး၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ထောင်ကျမည်ဟုဆိုကာ တစ်ဦးချင်းစီထံမှ ငွေကျပ် နှစ်သိန်း၊ စုစုပေါင်း ရှစ်သိန်း ညှစ်ယူခဲ့သည်။ 

ယာဉ်ထိန်းရဲများက ဝမ်းစာအတွက် ရှာဖွေနေသူများ၊ သာမာန်သွားလာနေသူများထံမှ ယခုကဲ့သို့ ဖမ်းဆီး ငွေညှစ်နေခြင်းကို သက်ဆိုင်ရာ အကြီးအကဲများ စိစစ်အရေးယူပေးပါရန် တောင်းဆိုသည်ဟု ဘူးသီးတောင်မြို့မှ ဒေသခံများက တောင်းဆိုနေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ