အိမ်ထောင်စုစာရင်း တစ်ခုထဲ၌ မိဘနှစ်ပါး မရှိသော ကလေးများ ဆွဲ၊တင်၊စစ် ၌ မှတ်ပုံတင်ခွင့်မရ
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာတွင် ဆွဲ၊တင်၊စစ် ၌ ငွေကြေး အဆမတန် ကောက်ခံမှုများ ပြုလုပ်ခဲ့သည်။

ဦးရှည်ကျကျေးရွာတွင် ရိုဟင်ဂျာ ၁၆၀၀ ကျော်ရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ငါးခူရကျေးရွာ အခြေစိုက် နယ်မြေ ၅၊ နယ်ခြားစောင့်ရဲနှင့် မ.က.ဖ အဖွဲ့ဝင်များက ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် မိဘနှစ်ပါးစလုံး အိမ်ထောင်စု လူဦးရေစာရင်း တစ်ခုထဲတွင် ရှိသူများ၏ သားသမီးများကိုသာ မွေးတိုး ပြုလုပ်ပေးခဲ့သည်။ မိဘနှစ်ပါးမှ တစ်ဦးဦး သက်သေခံကဒ်ပြား အပ်နှံထားသည့် စာရွက်မရှိလျှင် NVC ကဒ်ပြား ရှိမှသာ မွေးတိုးကို ဆောင်ရွက်ပေးခဲ့သည်။ 

မိဘနှစ်ပါးစလုံး အိမ်ထောင်စုလူဦးရေ စာရင်းထဲတွင် မရှိသော ကလေး ၆ ဦး မွေးတိုး မှတ်ပုံတင်ခွင့် မရရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ အခြားရွာများတွင်လည်း အလားတူ ဖြစ်ပွားမှုများ ရှိခဲ့သည်ဟု ၎င်းတို့က ဆိုကြသည်။ 

ကလေးမွေးတိုး မှတ်ပုံတင်ခွင့် မရရှိခဲ့သော မိဘတစ်ဦးက “ကျွန်တော်တို့မှာ တရားဝင် လက်ထပ်ခွင့်လည်း ရှိတယ်။ ဆွဲ၊တင်၊စစ် မှာ နှစ်ယောက်စလုံး စစ်ဆေးခံခဲ့တယ်။ ကျွန်တော်တို့ မွေးထားတဲ့ ကလေးကျတော့ မှတ်ပုံတင်ခွင့် မရခဲ့ဘူး။ ဒါက ကိုးကွယ်တဲ့ဘာသာကို အခြေခံပြီး တမင်လုပ်မပေးတာ။ ကလေးက အလိုလိုနေရင်း နိုင်ငံမဲ့ဖြစ်သွားတော့ ဒီကလေးအတွက်နဲ့ ကျွန်တော်တို့ ရောက်ရာပေါက်ရာကို ထွက်ပြေးဖို့ တမင် လုပ်နေတာလားလို့ သံသယဖြစ်မိတယ်။ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဖို့ တင်မယ်ဆိုရင် သူတို့က အချိန်မပေးဘူး။ အရမ်းကို စိတ်ပျက်စရာပါပဲ” ဟု ပြောသည်။ 

စစ်ဆေးစဉ် မိသားစုတစ်စုလျှင် ဓါတ်ပုံရိုက်ခ ၄၀၀၀/- ကျပ်၊ မွေးတိုးခ ၄၀၀၀၀/- ကျပ် အထိ ကောက်ခံခဲ့သည်။ 

“ဒီလောက် စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်မှာ ငွေလည်း အဆမတန် ကောက်တယ်။ ဒါကတော်တော်လေး မတရားလုပ်တာ။ ကျွန်တော်တို့က ICRC အဖွဲ့ရဲ့ အထောက်အပံ့ကိုပဲ မှီခိုစားသောက်နေရတာ” ဟု ရွာသားတစ်ဦးက ပြောသည်။ 

မောင်တောမြို့နယ်တွင် ဆွဲ၊တင်၊စစ် ၌ မှတ်ပုံတင်ခွင့်မရသည့် ကလေး နှစ်ထောင်ကျော်ရှိမည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ