မင်းပြားမြို့နယ် ဆမ္ဘလီရွာမှ ရိုဟင်ဂျာနှစ်ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးပြီးနောက် သတ်ဖြတ်လိုက်ပြီဟု ဒေသခံများက ယုံကြည်နေ
ခင်မောင်နိုင် Rohingya Today
ဓါတ်ပုံ - Mapio.net

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဆမ္ဘလီရွာမှ ရိုဟင်ဂျာအမျိုးသားနှစ်ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်လိုက်ပြီဟု ဒေသခံများက ယုံကြည်နေကြသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မင်းပြားမြို့နယ် ဆမ္ဘလီကျေးရွာအနီး စစ်တွေ - ရန်ကုန်ကားလမ်းပေါ်ရှိ ရာမောင်တံတားတွင် လုံခြုံရေး တာဝန်ယူထားသည့် မြန်မာစစ်တပ်ကို ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ 

မြန်မာစစ်တပ်မှ စစ်သားများသည် တိုက်ခိုက်ခံရပြီးသည်နှင့် ရာမောင်တံတားနှင့် မနီးမဝေးရှိ လယ်တလင်းများသို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ် ရခိုင်ရွာသားတစ်ဦး လယ်ကွင်းမှထွက်၍ ဆနွင်းတောင်ထဲသို့ ဝင်သွားသည်ကို မြင်တွေ့ခဲ့သည်။ 

ထို့နောက် စစ်သားများက ထွက်ပြေးသွားသူနှင့် ပတ်သက်၍ ရခိုင်လူမျိုးပိုင် လယ်တလင်းနှင့် ရိုဟင်ဂျာ လယ်တလင်းမှ လူများကို ခြိမ်းခြောက်၍ မေးမြန်းသောကြောင့် ငါးသရိုင်းချောင်းမှ ရခိုင်ရွာသားတစ်ဦး ဖြစ်ကြောင်း ပြောပြခဲ့ရသည်။ 

စစ်သားများသည် လယ်တလင်းများတွင် နေ့လည်ပိုင်းထိ ရှိနေခဲ့ပြီး ဆနွင်းတောင်နှင့် ငါးသရိုင်းချောင်းကျေးရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုး ၅ ဦးသည် လယ်တလင်းများသို့ ရောက်ရှိလာပြီး ရိုဟင်ဂျာလယ်တလင်းတွင် ညစောင့်အိပ်သည့် ဆမ္ဘလီရွာသား ဦးအီဆုပ် (ဘ) ဦးကာလူ (အသက် ၆၀ နှစ်) နှင့် ဦးဟိုင်ရုလ်အာမီးန် (ဘ) ဦးမာဆောင်းန် (အသက် ၃၂ နှစ်) တို့ကို ထိုးကြိတ် ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားနေသည်ကို ရခိုင်ပိုင် လယ်ကွင်းမှ လူများတွေ့ရှိပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်။ 

ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဦးအီဆုပ်နှင့် ဦးဟိုင်ရုလ်အာမီးန် တို့၏ မိသားစုဝင်များက လယ်တလင်းသို့ သွားရောက်၍ ရှာဖွေရာ တလင်းနှင့် မနီးမဝေးတစ်နေရာတွင် ၎င်းတို့ နှစ်ဦးစလုံး၏ အဝတ်အစား အချို့နှင့် သွေးများကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးအီဆုပ်နှင့် ဦးဟိုင်ရုလ်အာမီးန် တို့ကို မိသားစုဝင်များက တစ်နေကုန် ရှာဖွေခဲ့သော်လည်း မတွေ့ရှိဘဲ၊ အဝတ်အစားအချို့နှင့် သွေးများကို တွေ့ရှိသောကြောင့် ဖမ်းဆီးသွားသူများက ၎င်းတို့ကို သတ်ဖြတ်လိုက်သည်ဟု ယုံကြည်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ