ကျောက်တော်တွင် ရခိုင်သားရွာသားများက သုံးရက်အတွင်း ရိုဟင်ဂျာနှစ်ဦးကို ဓါးဖြင့်ခုတ်၊ လူမဆန်စွာ ရိုက်နှက်
ခင်မောင်နိုင် Rohingya Today

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရခိုင်ရွာသားများက သုံးရက်အတွင်း ရိုဟင်ဂျာနှစ်ဦးကို လူမဆန်စွာ ဓါးဖြင့် ခုတ်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ကျောက်တော်မြို့နယ်၊ တောင်ထောင်ဟယား အုပ်စု၊ ဝလဂံကျေးရွာနေ ဦးဇီယျာဘူ (ဘ) ဦးဖောယားဇုလ်ကရီမ်း (အသက် ၃၅-နှစ်) သည် ခြင်းတစ်လုံးဖြင့် လှည့်လည်၍ အမဲသား ရောင်းချသူ တစ်ဦးဖြစ်ပြီး အောက်တိုဘာလ (၁၄) ရက်နေ့ ညနေ ၄း၀၀ ခန့်အချိန်တွင် အမဲသားရောင်း၍ ရွာသားတစ်ဦးနှင့်အတူ အိမ်ပြန်နေစဉ် ငါးဆောင်ဖက်အုပ်စုတွင် ပြိုင်းချောင်းကျေးရွာမှ မောင်ရွှေသန်း ၏သား ဇော်ဝင်း ဆိုသူက ရုတ်တရက် ရောက်ရှိလာပြီး ဦးဇီယျာဘူ၏ ဦးခေါင်းကို ဓားဖြင့် ၂  ချက်ခုတ်သဖြင့် ဦးခေါင်း ကွဲဖြတ်သွားပြီး ထိုနေရာတွင် လဲကျသွားခဲ့သည်။ ၎င်းနှင့်အတူရှိနေသည့် ရွာသားက ရွာသို့ထွက်ပြေးသွားကာ ရွာသားများကို ပြောပြသဖြင့် ရွာသားများက သတိလစ်၍ လဲကျနေသည့် ဦးဇီယျာဘူကို ပိုက်သေရွာသို့ သယ်ယူသွားပြီး ရမ်းကု တစ်ဦးထံတွင် ဆေးကုသမှုပေးလျက်ရှိသော်လည်း ယခုအချိန်အထိ သတိမရသေးကြောင်း ဒေသခံများက Rohingya Today သို့ ပြောသည်။

Helal

 

ထို့အတူ အောက်တိုဘာလ (၁၂) ရက်နေ့ ညနေ ၅း၀၀ အချိန်တွင် အောက်ပိုက်သေရွာမှ ဦးဟိလားလ်အုဒ္ဒိန် (ဘ) ဦးအယုဗ်အာလီ (အသက် ၄၀-နှစ်) သည် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ရွာအပြင်ဘက်ရှိ ရိုဟင်ဂျာပိုင် လယ်ကွင်းသို့သွား၍ တစ်ယောက်တည်း ငါးဖမ်းနေချိန်တွင် မြို့ပေါ်ကဟု ယူဆရသည့် ရခိုင်လူမျိုး ၅-ဦး ရောက်ရှိလာပြီး ဝိုင်းဝန်း၍ ပါးရိုက်ခြင်း၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း စသည်ဖြင့် လူမဆန်စွာ သတိလစ်မေ့မျော လဲကျသွားသည်အထိ ရိုက်နှက်ခဲ့သည်။ ဦးဟိလားလ်အုဒ္ဒိန် လဲကျနေသည်ကို ရွာသားများကတွေ့ရှိပြီးနောက် ရွာသို့ သယ်ဆောင်သွားပြီး ဆေးကုသပေးလျက်ရှိသော်လည်း ယခုအချိန်ထိ အိပ်ရာက မထနိုင်သေးကြောင်း ရွာသားတစ်ဦးက ပြောပါသည်။ 

"ကျောက်တော်မှာ ရှိတဲ့ ရိုဟင်ဂျာတွေအတွက် လုံခြုံရေးအာမခံချက် မရှိပါဘူး၊ အခုလို ပါပဲ၊ ရွာအပြင်ထွက်တာနဲ့ ရက်ရက်စက်စက် ရိုက်နှက်ခံရတယ်၊ ဓါးနဲ့ခုတ်ခံရတယ်၊ ရခိုင်တွေထဲမှာ ဆိုးတဲ့သူတွေ ရှိသလို ကောင်းတဲ့သူတွေလည်း ရှိပါတယ်၊ ဆိုးတဲ့သူတွေဆိုရင် အခုလို အကြောင်းမဲ့ အကြမ်းဖက်တာများတယ်၊ တစ်ချို့ဆိုရင် အလောင်းတောင် ရှာမတွေ့ ဖျောက်ပစ်လိုက်တာ၊ ဒီကိစ္စတွေကို အာဏာပိုင်တွေက သိပေမယ့် အရေးယူဟန့်တားတာတွေ မလုပ်တော့ ကျူးလွန်သူတွေက အားရပြီး ခံတဲ့လူတွေကတော့ ဆက်တိုက်ခံနေရတဲ့ သဘောပါဗျာ'' ဟု ၎င်းက ဆက်လက်ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ