စစ်တွေ အောင်မင်္ဂလာရပ်ကွက် တာဝန်ကျ 2IC နှင့် ရပ်ကွက်တာဝန်ခံတို့ ပူးပေါင်း၍ ရွာသားများကို ဒုက္ခပေး
အောင်ဇံဝေ Rohingya Today
အောင်မင်္ဂလာရပ်ကွက် (ဓါတ်ပုံ - BBC)

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် လုံခြုံရေးတာဝန်ကျနေသည့် 2IC ဦးပေရွှေ (ဒု-ဗိုလ်မှူးကြီး) သည် အောင်မင်္ဂလာရပ်ကွက် တာဝန်ခံ ဦးရွှေလှနှင့် ပူးပေါင်း၍ အောင်မင်္ဂလာရပ်ကွက်မှ ရိုဟင်ဂျာများကို ဒုက္ခပေးနေသည်ဟု ဒေသခံများက ပြောသည်။ 

၂၀၁၂ ခုနှစ် ဇွန်လတွင် စစ်တွေမြို့ပေါ်ရပ်ကွက်ရှိ ရိုဟင်ဂျာနေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး အောင်မင်္ဂလာရပ်ကွက် တစ်ခုသာ ကျန်ရှိနေခဲ့သည်။ အောင်မင်္ဂလာရပ်ကွက်ကို အစိုးရတပ်ဖွဲ့ဝင်များက ပတ်ပတ်လည်မှ ပိတ်ဆို့ထားပြီး၊ အောင်မင်္ဂလာခွဆုံတွင် ကင်းစခန်းတစ်ခုထား၍ 2IC တစ်ဦးကို တာဝန်ပေးထားသည်။ ရပ်ကွက်အတွင်းရှိ ရိုဟင်ဂျာများကို ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ၆ နှစ်ကျော်ကျော် ပိတ်လှောင်ထားခဲ့သည်။ 

၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အောင်မင်္ဂလာရပ်ကွက်မှ ရိုဟင်ဂျာများကို စစ်တွေဈေးနှင့် အခြားနေရာများသို့ သွားလာခွင့်ပြုခဲ့သည်။ ထိုသို့ သွားလာရာတွင် ရပ်ကွက်တာဝန်ခံ ဦးရွှေလှ၏ ကားဖြင့်သာ သွားလာရန်အတွက် ဦးရွှေလှက 2IC ဦးပေရွှေနှင့် ပူးပေါင်း၍ အောင်မင်္ဂလာရပ်ကွက်အတွင်း ဦးရွှေလှ၏ ကားတစ်စီးမှ အပ အခြားကားများ ဝင်ခွင့်မပြုကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ ကားခကိုလည်း အဆမတန် တိုးမြှင့်၍ ကောက်ခံသည်ဟု ဒေသခံများက ဆိုကြသည်။ 

အခြားကားများဖြင့် သွားလာခွင့် မရှိသော ဒေသခံများသည် ဆိုင်ကယ်၊ စက်ဘီးတို့နှင့် ဖြစ်စေ၊ ခြေလျင်လျှောက်၍ ဖြစ်စေ သွားလာနေကြသည်။ အနီးအနားရှိ ရပ်ကွက်များမှ ဒေသခံရခိုင်များက အလုပ်သမားလိုအပ်လျှင် ၎င်းတို့ ကိုယ်တိုင် ကား၊ ဆိုင်ကယ်များဖြင့် ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ပြန်ပို့ပေးလေ့ရှိသည်။ 

ထိုကဲ့သို့ သွားလာနေကြသဖြင့် ဦးရွှေလှသည် ၎င်း၏ ကားဖြင့် ဝင်ငွေကောင်းကောင်း မရှာနိုင်တော့သောကြောင့် 2IC ကလည်း ဝေစုမရ ဖြစ်နေသည်။ ထို့ကြောင့် 2IC နှင့် ဦးရွှေလှတို့ ညှိနှိုင်း၍ ရိုဟင်ဂျာတစ်ဦးတစ်ယောက် ရပ်ကွက်ထဲမှ ထွက်သည်ဖြစ်စေ၊ ရပ်ကွက်ထဲသို့ ပြန်ဝင်လာသည် ဖြစ်စေ ကင်းစခန်းရှိ ရဲများကို သတင်းပို့ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။ သတင်းမပို့ဘဲ သွားလာသူများကို ရိုက်နှက်၍ ငွေညှစ်လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ကင်းစခန်းသို့ သတင်းပို့လျှင်လည်း “ဘယ်သွားမှာလဲ၊ ဘာကိစ္စလဲ၊ ဘယ်အချိန်ပြန်လာမလဲ” စသည်ဖြင့် မေးမြန်းသည့်အပြင် ရဲများ မအားသေးဟုဆိုကာ တစ်နာရီ၊ နှစ်နာရီကြာ စောင့်ခိုင်းသည်ပြီး၊ ပြန်ရောက်လျှင် ချက်ချင်း သတင်းပို့ရသည်။ 

ဦးရွှေလှက ၎င်း၏ ကားဖြင့် စီးပွားရှာမရသည်ကို အကြောင်းပြု၍ 2IC ကို ငွေပေး၍ လုပ်ခိုင်းနေခြင်း ဖြစ်သော်လည်း 2IC လူမျိုးရေးခွဲခြားမှုကိုပါ အကြောင်းခံပြီး ဒုက္ခပေးနေသည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ