ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဘူးသီးတောင်မြို့နယ်မှ ၄၇ ဦးကို နေရပ်ပြန်ပို့ပေးရန် အဖွဲ့အစည်းများနှင့် ဆွေမျိုးများတောင်းဆို
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ အဖွဲ့အစည်း (၃) ခုနှင့် ဒေသခံများက ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဘူးသီးတောင်မြို့နယ်မှ ၄၇ ဦးကို နေရပ်သို့ ပြန်ပို့ပေးရန်အတွက် ဒီဇင်ဘာလ ၂၅ ရက်နေ့က သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ လိပ်မူ၍ အသနားခံစာတစ်စောင် ပေးပို့ခဲ့သည်။ 

၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ဥတို့ကျေးရွာအုပ်စု ချောင်းသာကမ်းခြေအနီးတွင် မိသားစု စားဝတ်နေရေး အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် အလုပ်အကိုင်ရှာဖွေရန် ထွက်ခွာလာသူ ၉၆ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရသူများထဲတွင် ၄၇ ဦးမှာ ဘူးသီးတောင်မြို့နယ်မှ ဖြစ်ပြီး ၎င်းတို့အား ပုသိမ်မြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး တရားစွဲဆို၍ ထောင်ချရန် စီစဉ်နေသောကြောင့် ဘူးသီးတောင်မြို့နယ်မှ အဖွဲ့အစည်း ၃ ခုနှင့် မိဘဆွေမျိုးများက သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ လိပ်မူ၍ ဒီဇင်ဘာလ (၂၅) ရက်နေ့ အသနားခံစာ တစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝရရှိခဲ့ပြီး၊ ၁၉၉၂ ခုနှစ်ထိ နိုင်ငံအဝှမ်း လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် စစ်အစိုးရက ခရီးသွားခွင့်အပါအဝင် ကန့်သတ်မှုမျိုးစုံ ချမှတ်ခဲ့သည်။

နှစ်ပေါင်းများစွာ အကျဉ်းသားများပမာ နေထိုင်နေရသည့် ဒေသခံများသည် လုပ်ကိုင်စားသောက်ခွင့်ပါ ကန့်သတ်ခံထားရသောကြောင့် ရရာနည်းလမ်းဖြင့် နေရပ်စွန့်ခွာနေကြသည်။ အများစုမှာ မလေးရှားနိုင်ငံသို့ သွားရန် ရည်ရွယ်၍ ထွက်ခွာလာကြသော်လည်း လမ်းခရီးတွင် ဖမ်းဆီးခြင်း ခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ