ပေါက်တော ငှက်ချောင်း ဒုက္ခသည်စခန်းမှ စီမံခန့်ခွဲရေးကော်မတီဥက္ကဌက ဒုက္ခသည်များကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်နေ
ခင်မောင်နိုင် Rohingya Today
ဓါတ်ပုံ - ICRC / Antonia Paradela Torices

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း (၁) မှ စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ က စခန်းမှ ဒုက္ခသည်များကို နည်းမျိုးစုံဖြင့် လုပ်ကြံ၍ ငွေညှစ်လျက်ရှိသည်။

ငှက်ချောင်းဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များသည် ယခင်ကလို အခြားနေရာများသို့ လွတ်လပ်စွာ သွားလာ အလုပ်လုပ်ခွင့်မရသဖြင့် ငါးဖမ်းလုပ်ငန်းကိုသာ အဓိကထား၍ အသက်မွေးဝမ်းကျောင်း ပြုနေရသည်။ အချို့လူများက ပုဇွန်ကန်များ ပိုင်ဆိုင်သဖြင့် ပုဇွန်ကန်များ၌ ငါး၊ ပုဇွန်မွေးမြူကြသည်။

ထိုသို့ အသက်မွေးဝမ်းကျောင်း ပြုနေသူများထံမှ စခန်းစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးရွှေလှက ငွေကျပ် တစ်သိန်းမှ နှစ်သိန်းအထိ မကြာခဏတောင်းခံသည်။ ငွေပေးရန် ငြင်းဆန်သူများကို ရဲနှင့်ဖမ်း၍ ထောင်ကျအောင် လုပ်မည်၊ စခန်းမှ နှင်ထုတ်မည်၊ ရိုက်နှက်မည် စသည်ဖြင့် ခြိမ်းခြောက်လေ့ရှိသည်ဟု စခန်းမှ ဒုက္ခသည်များက Rohingya Today သို့ပြောသည်။ 

“တစ်ချို့ကို ငှက်ချောင်းရဲစခန်းကနေ ဖမ်းခိုင်းပြီး ရိုက်နှက် ငွေညှစ်တာတွေ လုပ်တယ်။ အဲဒါကြောင့် လူတွေက ကြောက်ကြတယ်။ အချို့ ပညာတတ်လူငယ်တွေက NGO တွေမှာ အလုပ်လျှောက်တယ်။ အလုပ်ရရင် ငွေ ၁၀ သိန်း၊ သိန်း ၂၀ ထိ တောင်းတယ်။ ငွေမပေးရင် ပြစ်မှုကျူးလွန်ထားတာ ရှိတယ်ဆိုပြီး အလုပ်ခန့်ထားတဲ့ NGO ရုံးတွေကို တိုင်စာပို့တယ်။

“NGO တွေက တိုင်စာတွေကို လျစ်လျူရှုပြီး အလုပ်ဆက်ပေးထားရင် ဦးရွှေလှက ငါ့ပိုင်နက်ထဲကို NGO ဝန်ထမ်းတွေ ဝင်ခွင့်မရှိဘူးလို့ ပြောပြီး ခြိမ်းခြောက်တယ်။ စခန်းတွင်းမှာလည်း အလုပ်ပေးမလုပ်ဘူး။” ဟု ဒုက္ခသည်တစ်ဦးက ပြောသည်။ 

ထို့အပြင် ရွာသားများထံမှလည်း ငွေကျပ် ၃ သောင်း မှ ၅ သောင်းထိ တောင်းပြီး ငွေပေးရန် ငြင်းဆန်သူများကို အကြွေးရစရာရှိသည်ဟု အတင်းအဓမ္မ လုပ်ကြံစွပ်စွဲ၍ တောင်းသည်။ အကြွေးမပေးဟု ဆိုကာ ထိုးကြိတ်ရိုက်နှက်သည့်အပြင် ရဲစခန်းသို့ အပ်၍ ငွေညှစ်ခိုင်းခြင်းများလည်း ပြုလုပ်သည်။

ဦးရွှေလှသည် ဒုက္ခသည်များ၊ ရွာသားများထံမှ မတရားသဖြင့် ညှစ်ယူ၍ ရရှိထားသည့် ငွေများဖြင့် စက်လှေတစ်စီး ဆောက်လုပ်ပြီး၊ ယခုအခါ စစ်တွေမှ ပေါက်တောသို့ လိုင်းပြေးဆွဲနေသည်ဟု သိရသည်။ 

ဒုက္ခသည်များက မတရား ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်နေသည့် စခန်းစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးရွှေလှကို သက်ဆိုင်ရာမှ စစ်ဆေး၍ အရေးယူ ဟန့်တားပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။ ၎င်းအား အရေးမယူဘဲ လွှတ်ထားမည်ဆိုပါက စခန်းအတွင်း မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်သည်ဟု ဒုက္ခသည်များက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ