မောင်တော ကျွန်းပေါက်ပြုစုတွင် ရိုဟင်ဂျာလူငယ်တစ်ဦးကို မြန်မာစစ်တပ်က ပစ်သတ်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျွန်းပေါက်ပြုစုတွင် ရိုဟင်ဂျာလူငယ်တစ်ဦးကို မြန်မာစစ်တပ်က ဒီဇင်ဘာလ (၂၁) ရက်နေ့ ညနေပိုင်းတွင် ပစ်သတ်ခဲ့သည်။ 

ဒီဇင်ဘာလ (၂၁) ရက်နေ့ ည ၆း၅၅ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စုမှ ဒေသခံရိုဟင်ဂျာများက သေနတ်ပစ်ဖောက်သံ ၁၀ ချက်ခန့် ကြားခဲ့သည်ဟု ဆိုကြသည်။ သေနတ်သံကြားသောကြောင့် ကြောက်လန့်၍ အပြင်သို့ ထွက်မကြည့်ရဲခဲ့ကြောင်း ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ်မှ စစ်သားများက ကျွန်းပေါက်ပြုစု ကျေးရွာအုပ်ချုပ်မှူးကို ခေါ်၍ သင်္ချိုင်းတွင် လဲကျသေဆုံးနေသော လူငယ်အလောင်းတစ်လောင်းကို ပြခဲ့သည်။ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများက သေဆုံးသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိဟု ဆိုကြသည်။ 

ရုပ်အလောင်းကို တွေ့ရှိသူတစ်ဦးက “သေဆုံးသူက လူစိမ်းတစ်ယောက်ပါ၊ ဦးခေါင်းညာဖက်မှာ ကျည်ဆံထိမှန်ပြီး ဘေးကနေ ဖောက်ထွက်သွားတဲ့ ဒဏ်ရာတွေ့ရတယ်။ သေဆုံးသူက ဘောင်းဘီရှည်အနက်၊ အင်္ကျီအနက်၊ ရှုးဖိနပ်စီးထားပြီး၊ ကျောပိုးအိတ်တစ်လုံးလည်း ပါတယ်။ အိတ်ထဲမှာ လုံချည် ၄ ထည်၊ ဂျင်းဘောင်းဘီ တစ်ထည်၊ ဦးထုပ်တစ်လုံး၊ အင်္ကျီတစ်ထည်၊ ဖိနပ်တစ်ရံ၊ သံချေးတက်၊ လက်ကိုင်ကျိုးနေတဲ့ ဓါးရှည် တစ်လက် တွေ့ရတယ်” ဟု ပြောသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်လုပ်မိုင်းဗုံးများဖြင့် အသေဖမ်းမိသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ရုပ်အလောင်းနှင့်အတူ ဗိုင်းဗုံး၊ သေနတ်စသည့် လက်နက်တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရကြောင်း၊ အသတ်ခံရသည့်အချိန်မှာ ဒီဇင်ဘာလ (၂၁) ရက်နေ့ ညပိုင်းတွင်သာ ဖြစ်နိုင်ကြောင်း၊ အလောင်းကို အုပ်ချုပ်ရေးမှူးကို ခေါ်ပြသည့်အချိန်သည် ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်း ဖြစ်သောကြောင့် သတင်းထုတ်ပြန်ချက်တွင် ကွဲလွဲမှုများစွာ ရှိနေသည်ဟု ဒေသခံများက ပြောသည်။ 

ရုပ်အလောင်းကို အနီးအနားရွာများမှာ ရွာသူရွာသားများက တွေ့ရှိသော်လည်း မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိကြပေ။

စစ်သားများက နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦး၊ ကျွန်းပေါက်ပြုစုကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အလောင်းကို မောင်တောဆေးရုံသို့ ပို့ဆောင်စေခဲ့သည်။ ဆေးရုံတွင် စစ်ဆေးပြီးနောက် ဒီဇင်ဘာလ (၂၂) ရက်နေ့ နေဝင်ချိန်တွင် အလောင်းကို ထုတ်ပေးခဲ့သည်။ ထို့နောက် ည ၈ နာရီခန့်အချိန်တွင် မြို့မကညင်တန်း ကျေးရွာရှိ သင်္ချိုင်းတွင် မြေမြှုပ် သဂြိုဟ်ခဲ့သည်။ 

ရုပ်အလောင်းနှင့်ပတ်သက်၍ “အနက်ရောင် အဝတ်အစားတွေနဲ့ ရှုးဖိနပ် စတာတွေကို ဒီလူ အသတ်ခံရပြီးတဲ့နောက်မှာ စစ်သားတွေက ဝတ်ပေးတာ ဖြစ်နိုင်တယ်။ ဓါးရှည်လည်း စစ်သားတွေက ထည့်ပေးထားတာ ဖြစ်နိုင်တယ်။ ပစ်သတ်တာက ၂၁ ရက်နေ့ ညပိုင်းမှာ၊ စစ်သားတွေက သူတို့ လိုချင်တဲ့ပုံစံအတိုင်း ပြင်ဆင်ဖို့ အချိန်လိုနေတော့ နောက်နေ့ မနက်ထိ အချိန်ဆွဲ ပြင်ဆင်ပြီး၊ မနက်ကျမှ အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေကို ခေါ်ပြတော့ ကျွန်တော်တို့ကတော့ ဒါကို တော်တော်လေး သံသယရှိနေတယ်။ ပြီးတော့ ဒီလူက ဘယ်သူလဲ၊ ဘယ်ကလဲ ဆိုတာ ကျွန်တော်တို့ အခုထိ အတည်ပြုလို့ မရသေးဘူး” ဟု ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ