ဘူးသီးတောင်မြို့ပေါ်တွင် ရခိုင်လူမျိုးတစ်ဦး၏ သောင်းကျန်းမှုဒဏ်ကို ရိုဟင်ဂျာများ အလူးအလဲခံနေရ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့ပေါ်အနီးအဝိုက်တွင် ရခိုင်လူမျိုးတစ်ဦးက ရိုဟင်ဂျာများကို ရိုက်နှက်ခြင်း၊ ရိုဟင်ဂျာများထံမှ လုယက်ခြင်း စသည့် နည်းမျိုးစုံကို သုံး၍ သောင်းကျန်းနေသည့်ဒဏ်ကို ရိုဟင်ဂျာများ အလူးအလဲခံနေရသည်။

ဘူးသီးတောင်မြို့ နယ် အမှတ် (၆) ရပ်ကွက်မှ ရခိုင်လူမျိုးတစ်ဦးဖြစ်သည့် အောင်နိုင် ဆိုသူသည် မြို့ပေါ် အနီးတဝိုက်ရှိ စားသောက်ဆိုင်များတွင် စားသောက်ပြီး ငွေကြေးမပေးခြင်း၊ ဈေးဆိုင်များမှ ပစ္စည်းများ အတင်းအဓမ္မ လုယူခြင်း၊ ပစ္စည်းများမယူရန် ဟန့်တားခြင်း သို့မဟုတ် ငွေတောင်းခံခြင်း ပြုလုပ်ပါက ရိုက်နှက်ခြင်း၊ ခွဆုံများတွင် စောင့်ဆိုင်း၍ လမ်းသွားလမ်းလာများ ထံမှ ငွေလုယက်ခြင်း၊ မောင်းနှင်လာသည့် ဆိုင်ကယ်များကို ရပ်တန့်ခိုင်းပြီး အတင်းအဓမ္မ ယူသွားကာ ၅ ရက်မှ ၁၀ ရက်ခန့်အထိ ပျက်သွားသည့်အထိ စီး၍ ပြန်ပေးခြင်း၊ ၎င်း၏ လုပ်ရပ်များကို ဟန့်တားသူများအား လူမဆန်စွာ ရိုက်နှက်ခြင်းများကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေသောကြောင့် ဒေသခံရိုဟင်ဂျာများ အလွန်စိတ်ပျက်နေရကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

အောင်နိုင် ဆိုသူသည် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု မြို့မဈေးရှိ ရိုဟင်ဂျာ ဈေးဆိုင်ပိုင်ရှင် (၃) ဦးထံမှ ဆိုင်ပစ္စည်းများ လုယက်ခဲ့သည့်အပြင် ပစ္စည်းပိုင်ရှင်များက ငွေတောင်းခံသောကြောင့် ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။

စက်တင်ဘာလ (၂၅) ရက်နေ့တွင် ဦးဆိုက်ဖုလ္လာ (ဘ) ဦးမော်နို (အသက် ၃၅ နှစ်) ၏ အထည်ဆိုင်သို့ သွားရောက်၍ အဝတ်အထည် သုံးသောင်းကျော်ဖိုး ယူသည်ကို ဆိုင်ရှင်က ကျသင့်ငွေတောင်းခံသဖြင့် မျက်နှာကို လက်သီးဖြင့် ထိုးခဲ့သည်။ ဆိုင်ရှင်ဖြစ်သူမှာ ငွေမရသည့်အပြင် လက်သီးဖြင့် ထိုးခံရသောကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

အောက်တိုဘာလ (၃) ရက်နေ့တွင်လည်း ဦးမိုဟာမ္မဒ်ရှား (အသက် ၃၂ နှစ်) ၏ ဖုန်းဆိုင်သို့ သွားရောက်၍ ငွေကျပ် ခြောက်သောင်းငါးထောင်တန် ဖုန်းတစ်လုံးကို ငွေမပေးဘဲ လုယူသွားခဲ့သည်။

အောက်တိုဘာလ (၆) ရက်နေ့တွင် ဦးဖောယားဇူး (ဘ) ဦးဘဆီးရ်အဟ်မဒ် (အသက် ၃၅ နှစ်) ၏ ဆိုင်သို့ သွားရောက်၍ ငွေကျပ် နှစ်သောင်းခန့် တန်ဖိုးရှိ အလှကုန်ပစ္စည်းများ ယူသွားနေစဉ် ငွေတောင်းခံသဖြင့် ဆိုင်ရှင်ကို ရိုက်နှက်ခဲ့သည်။

"မှန်ပါတယ်၊ သူက မနက် မိုးလင်းကနေ ညနေ နေဝင်ချိန်အထိ လိုအပ်တဲ့ အရာမှန်သမျှကို ရိုဟင်ဂျာတွေဆီက လုယက်စားသောက်နေတယ်၊ မုန့်စားတယ်၊ လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်၊ ကွမ်းဆိုင်က ကွမ်းယာ၊ ဆေးလိပ်၊ အချိုရည်၊ ထမင်းဆိုင်က ထမင်း၊ ဆေးဆိုင်က ဆေး အကုန်လုံး ငွေမပေးဘဲနဲ့ အတင်းအဓမ္မ လုယက်စားသောက်ပြီးတော့ ဈေးဆိုင်တွေထဲဝင်ပြီး အဝတ်အစား၊ အလှကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း စတဲ့ဟာတွေ လုယူတယ်၊ ဟိုဘက်ဒီဘက် သွားရရင် သူများ ဆိုင်ကယ် အတင်းဆွဲယူသွားတာရယ်၊ အရက် နဲ့ WY မူးယစ်ဆေးဝါးတွေ အတွက်လိုအပ်တဲ့ ပိုက်ဆံကို လမ်းသွားလမ်းလာသူတွေဆီက အတင်းလုယူတယ်၊ ခြုံပြီးပြောရရင် သူ့အတွက် ဘူးသီးတောင် တစ်မြို့လုံးက ရိုဟင်ဂျာပိုင်ပစ္စည်းတွေက သူ့မိဘပိုင် ပစ္စည်းတွေလိုကျနေတာပဲ'' ဟု မြို့မဈေးမှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါသည်။

အောင်နိုင်၏ ရမ်းကား သောင်းကျန်း လုယက်မှုများနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းသို့ တိုင်တန်းခဲ့သော်လည်း လိုအပ်သလို ဟန့်တား ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် တိုင်တန်းသူများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သဖြင့် မြို့နယ်ရဲစခန်းရှိ ရခိုင်လူမျိုးရဲတပ်ဖွဲ့ဝင်များ ၎င်းအား ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက် စိတ်ဒုက္ခပေးရန် သီးသန့်လွှတ်ပေးထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံအချို့က သံသယဝင်နေကြသည်။

"ဟုတ်ကဲ့ သူက အစိုးရ အလယ်တန်းကျောင်းဆရာ တစ်ယောက်လည်းဖြစ်တယ်၊ ကျောင်းမသွားဘဲ မူးယစ်ဆေးဝါး သုံးစွဲနေသူတစ်ယောက်လည်းဖြစ်တယ်၊ နေ့တိုင်းလိုလိုပဲ ရိုဟင်ဂျာတွေဆီက အတင်းအဓမ္မ ပစ္စည်းတွေ လုယူသွားတယ်၊ ပိုက်ဆံတောင်းရင်လည်း ခြေလွန်လက်လွန်စော်ကားတယ်၊ သူက ခန္ဓာကိုယ်ကြီးပြီး ကြမ်းတမ်းတော့ မတောင်းရဲကြဘူး၊ ရဲတွေကို တိုင်ရင်လည်း အရေးမယူဘူး၊ WY ဆေးပြားနဲ့ မိတာတောင် ပြန်လွတ်လာတယ်၊ ဘူးသီးတောင်က ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းက ဆိုတော့ ရဲတွေက မျက်နှာသာပေးထားပုံရတယ်၊ သူအခုလို လုပ်လာတာ နှစ်ပေါင်းများစွာ ရှိပါပြီဗျာ'' ဟု ဘူးသီးတောင်မြို့ခံ တစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ