ဘူးသီးတောင် ကျောက်ရန်မှ ရိုဟင်ဂျာတစ်ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျောက်ရန်ကျေးရွာအုပ်စု၊ အာဘောရ်ရွာမှ ရိုဟင်ဂျာလူငယ်တစ်ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးခေါ်ဆောင်သွားသည်။ 

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျောက်ရန်ကျေးရွာအုပ်စု၊ အာဘောရ်ရွာမှ ဦးရှာကေရ် (ဘ) ဦးဆော်မိရ် (အသက် ၂၇ နှစ်) သည် ရွာနံဘေးနားရှိ ချောင်း၌ ငါးဖမ်းနေစဉ် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

“ချောင်းမှာ ငါးဖမ်းနေတဲ့ ရိုဟင်ဂျာ ၄ ယောက်ကို AA အဖွဲ့က လာဖမ်းတာ။ အားလုံးကို ဖမ်းပြီးတဲ့နောက် ၃ ယောက်ကို အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်ပေမယ့် ဦးရှာကေရ်ကိုတော့ ပြန်မလွှတ်ပေးဘူး။” ဟု ရွာသားတစ်ဦးက ပြောသည်။

ဦးရှာကေရ်သည် သာမန်တံငါသည်တစ်ဦး ဖြစ်ပြီး ငါးဖမ်းလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနေသည့် ဆင်းရဲသားတစ်ဦး ဖြစ်သည်။ အပြစ်မဲ့တစ်ဦးကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို မသိရသေးဟု ဒေသခံများက ဆိုကြသည်။ 

နိုဝင်ဘာလ ၉ ရက်နေ့တွင် ကင်းတောင်ကျေးရွာမှ ဦးအာရော်ဖ်အုလ္လာ (ဘ) ဦးအာဘူကာလာမ် ကို စိုင်းဒင်မှ အိမ်သို့ ပြန်နေစဉ် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်လကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။ အသက်ရှင်နေခြင်း ရှိ/မရှိ မသိရသေးကြောင်း၊ သတင်းတစ်စုံတစ်ရာ မရရှိကြောင်း ဒေသခံများက ပြောသည်။ 

AA တပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ ရိုဟင်ဂျာများထံသို့ မကြာခဏ လာရောက်ပြီး ရိုဟင်ဂျာများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ အိုးအိမ်နှင့် ဥစ္စာပစ္စည်းများ လုယက်ယူသွားခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ 

“ကျွန်တော်တို့ ရသေ့တောင်မှာတော့ ရိုဟင်ဂျာတွေကို ဖမ်းသွားတာ၊ ကျွဲ၊ နွားတွေ၊ ရွှေ၊ ငွေ ရတနာတွေ လုယက်ယူသွားတာတွေ၊ စပါးတွေ ရိတ်ပြီး ယူသွားတာ၊ အိမ်တွေ ဖျက်ဆီးပစ်တာတွေ လုပ်တယ်” ဟု ရသေ့တောင်မှ ရွာသားတစ်ဦးက ပြောသည်။ 

“အဲလို ဘာကြောင့်လုပ်ရသလဲဆိုတာ နားကို မလည်နိုင်တော့ဘူး။ AA က ရခိုင်လူမျိုး လွတ်မြောက်ရေးနဲ့ သူတို့ အခွင့်အရေးအတွက် ရရှိရေးအတွက် မြန်မာအစိုးရ၊ စစ်တပ်တို့နဲ့ တိုက်ပွဲဝင်နေကြတာသာ ဖြစ်တယ်။ ရိုဟင်ဂျာတွေနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး။ ဒါပေမယ့် ရိုဟင်ဂျာတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ဥစ္စာပစ္စည်းတွေ လုယက်တာ၊ အိမ်တွေကို ဖျက်ဆီးတာတွေ လုပ်နေတယ်။ ဒါတွေကို AA က ခေါင်းဆောင်တွေ မသိကြတာလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင် ဒီလိုလုပ်ဖို့ ညွန်ကြားထားတာလား ဆိုတာ မသဲကွဲဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ