ဘူးသီးတောင်၊ ဆင်သေပြင်၌ လက်နက်ကြီးကျပြီး အိမ်နှစ်လုံး မီးလောင်ခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာအုပ်စု ဆင်သေပြင်ရွာတွင် လက်နက်ကြီးကျပြီး အိမ်နှစ်လုံး မီးလောင်သွားသည်။ 

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်တွင် ၃၁ ပုံစေတီ၌  စခန်းချနေသည့် စစ်သားများ ပစ်ခတ်သည့် လက်နက်ကြီးသည် ဆင်သေပြင်ကျေးရွာသို့ ကျရောက်ပြီး ရိုဟင်ဂျာများ၏ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

မီးလောင်ပျက်စီးသွားသည့် အိမ်များ၏ ပိုင်ရှင်များမှာ -- စံဂိုးတောင်ကျေးရွာအုပ်စု ဆင်သေပြင်ရွာမှ (၁) ဦးအဒူရော်မာန် (ခ) ဦးကာလာဘော်ဒါ (ဘ) ဦးဆွေတာလောမ် (အသက် ၆၀ နှစ်) နှင့် (၂) ဦးမောင်(တ်)တုလ်ဟူဆောင်း (ဘ) ဦးဆွေတာလောမ် (အသက် ၅၀ နှစ်) တို့ဖြစ်ကြသည်။ 

ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ရး၃၀ နာရီအချိန်တွင်လည်း အဆိုပါစစ်သားများက ဆင်သေပြင်ရွာဘက်သို့ သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သဖြင့် ကျည်ဆံထိမှန်ပြီး နွား ၄ ကောင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

နွားများမှာ -- ဦးဂူရာမျာ (ဘ) ဦးအာမောတ် (အသက် ၆၀ နှစ်) ၏ နွား ၃ ကောင်နှင့် ဦးဟာမိတ်ဟူစိန်း ၏ နွားတစ်ကောင်တို့ ဖြစ်သည်။

ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ အကြားတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း မြန်မာစစ်တပ်က အကြောင်းပြချက်မရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ