မောင်တော မြို့မကညင်တန်းတွင် စ.ရ.ဖ များက ရွာသားတစ်ဦးကို ဖမ်းဆီးရာတွင် ဓါးပြများကဲ့သို့ သောင်းကျန်းသောကြောင့် ရွာသားများနှင့် ထိပ်တိုက်တွေ့
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာတွင် စ.ရ.ဖ များက ရွာသားတစ်ဦးကို ဖမ်းဆီးရာတွင် ဓါးပြများကဲ့သို့ သောင်းကျန်းသောကြောင့် ရွာသားများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ 

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီခန့်အချိန်တွင် မြို့မကညင်တန်းကျေးရွာ ဈေး၏ အရှေ့ဘက်ရှိ တောင်မြောက်ကြားလမ်းမှ “လာကြပါ၊ ကူညီကြပါ” ဟု အော်ဟစ်သံ အဆက်မပြတ်ကြားရသောကြောင့် ရွာသူရွာသားများက မီးလောင်နေခြင်းလား၊ ဓါးပြတိုက်နေခြင်းလား ဟု ဆိုကာ အော်ဟစ်သံလာရာသို့ စုဝေး ရောက်ရှိသွားခဲ့ကြသည်။ 

ဖြစ်စဉ်နှင့် ပတ်သက်၍ ရွာသားတစ်ဦးက “ည ၈ နာရီလောက်မှာ ဈေးရဲ့ အရှေ့ဘက် တောင်မြောက်ကြားလမ်းထဲက လာကြပါ၊ ကူညီကြပါ ဆိုပြီး အော်နေတဲ့အသံကို အဆက်မပြတ်ကြားရတော့ ရွာသားတွေကလည်း မီးလောင်နေတာလား၊ ဓါးပြတိုက်နေတာလား၊ ဒါမှမဟုတ် တစ်စုံတစ်ရာ အရေးကြီးနေပြီလား ဆိုပြီး အော်သံ ကြားရာနေရာကို စုဝေးရောက်သွားကြတယ်။ အဲဒီမှာ လက်နက်ကိုင်ထားတဲ့ လူ ၅ ယောက်ကို တွေ့ရတယ်။ တစ်ယောက်က မွတ်စလင် အမျိုးသမီးတစ်ယောက်လို ဘုရ်ခါ ခြုံထားတာ တစ်ယောက် တွေ့ရတယ်၊ ပြီးတော့ နောက်တစ်ယောက် မော်လဝီတွေ ဝတ်သလို ကုရ်တာ အင်္ကျ ီရှည်ဝတ်ထားတာ တွေ့ရတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ အင်္ကျ ီနဲ့ လုံချည် ဝတ်ထားတယ်။

“အဲဒီလူ ၅ ယောက်က မြို့မကညင်တန်းရွာက ဦးနူရူရဲ့သား ဂျာဘူရာမာန်ကို ဖမ်းထားပြီး လမ်းမကြီးပေါ်ကို ဆွဲခေါ်သွားနေတာ တွေ့ရတယ်။ သူ့ကို ဖမ်းထားသူတွေက ဝတ်စုံတွေနဲ့ မဟုတ်တော့ ရွာသားတွေကလည်း ဓါးပြတွေလို့သာ ထင်ကြတယ်။ အဲဒီတော့ ဓါးပြတွေလက်ထဲက ဖမ်းခံထားရသူကို ရအောင်ဆွဲထုတ်ရမယ် ဆိုပြီး ဝိုင်းကြပေမယ့်၊ နောက်တော့ စ.ရ.ဖ တွေက အဲဒီလူကို အရင်အပတ်က ရွာထဲမှာ လာရှာတယ်ဆိုပြီး အချင်းချင်း ပြောဆိုသံတွေ ကြားတော့ ရွာသားတွေလည်း နောက်ဆုတ်လိုက်ကြတယ်။” ဟု Rohingya Today သို့ပြောသည်။ 

ထို့နောက် လက်နက်ကိုင်ဆောင်ထားသူ ၅ ဦးက ဂျာဘူရာမာန် ကို ကားပေါ်သို့ တင်၍ ခေါ်ဆောင်သွားနေစဉ် ဂျာဘူရာမာန်၏ ဆွေမျိုးသားချင်းအချို့က ကားရှေ့တွင် ရပ်တန့်၍ လမ်းကို ပိတ်ဆို့ကာ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ လက်နက်ကိုင်ဆောင်ထားသူများက မိုးပေါ်သို့ ထောင်၍ သေနတ်နှစ်ချက် ပစ်ဖောက်သဖြင့် လမ်းပိတ်ဆို့ထားသူများက လမ်းမှ ဖယ်ပေးခဲ့ကြသည်။ လက်နက်ကိုင်ဆောင်ထားသူများက ဂျာဘူရာမာန်နဲ့ အတူ ကားကို မောင်း၍ ထွက်သွားခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

လက်နက်ကိုင်ဆောင်ထားသူများမှာ စ.ရ.ဖ တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်ဟု နောက်မှ သိရှိခဲ့ကြသည်ဟု ဒေသခံများက ဆိုကြသည်။ 

“စ.ရ.ဖ ဆိုတာ နောက်မှ သိလိုက်ရတယ်။ အခုတော့ ကျွန်တော်တို့ ရွာသားတွေ အားလုံး ကြောက်နေကြတယ်။ စ.ရ.ဖ ကို ကျွန်တော်တို့က တိုက်ခိုက်တယ်ဆိုပြီး ရွာသားတွေကို နှိပ်စက်မလားဆိုတာ တွေးပူနေရတယ်။ စ.ရ.ဖ တွေအနေနဲ့ သူတို့ ဖမ်းချင်တဲ့လူကို ဖမ်းမယ်ဆိုရင် တရားခံဖမ်းတဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေနည်းလမ်းတွေရှိတယ်၊ အဲဒါတွေနဲ့ အညီ ဖမ်းရမှာပါ။ 

“အခု သူတို့ လုပ်သွားတဲ့ ပုံစံက ဓါးပြတွေနဲ့ တူနေတယ်၊ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့လည်း မပါဘူး။ ဓါးပြတွေလို အယောင်ဆောင်ပြီးလာတော့ ရွာသားတွေကလည်း ဓါးပြဆိုရင်တော့ ဝိုင်းဖမ်းရမယ်ဆိုတဲ့ အသိနဲ့ ဝိုင်းခဲ့ကြတာ။ အခုလို ဓါးပြပုံစံနဲ့ လာပြီး ပြဿနာဖြစ်တော့မှ ရွာသားတွေက အာဏာပိုင်တွေကို တိုက်ခိုက်တယ်ဆိုပြီး တစ်ရွာလုံးကို ဒုက္ခပေးမှာ စိုးရိမ်နေရတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။ 

နောက်ဆက်တွဲသတင်း။ 

ဖမ်းဆီးခံရသူ ဂျာဘူရာမာန်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စ.ရ.ဖ များက မောင်တော ဆေးရုံသို့ ဆေးကုသရန် ခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။ ဂျာဘူရာမာန်သည် လမ်းပင် မလျှောက်နိုင်တော့သည့်အတွက် ဖမ်းဆီးခံရချိန်မှစ၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံထားရသည်ဟု ဆိုကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ