ဘူးသီးတောင် ပြိုင်းတောင်တွင် ဆွေမျိုးအိမ်သို့ အလည်လာသည့် လူငယ် ၃ ဦးကို အုပ်ချုပ်ရေးမှူးက ခေါ်သည့်အခါ မတွေ့သဖြင့် ငွေညှစ်ခံရ
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြိုင်းတောင်ကျေးရွာအုပ်စုတွင် ဆွေမျိုးအိမ်သို့ အလည်ရောက်သည့် ရိုဟင်ဂျာ လူငယ် ၃-ဦးက ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် မတွေ့ဘဲ ထွက်ခွာသွားသောကြောင့် ငွေညှစ်ခံခဲ့ရသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပြိုင်းတောင်ကျေးရွာအုပ်စု ပြိုင်းတောင်ရွာမှ ရိုဟင်ဂျာ လူငယ် ၃-ဦး ဖြစ်ကြသည့် မိုဟမ္မဒ်ဆားဘဲရ် (ဘ) မိုဟမ္မဒ်ကာဆိမ်း (အသက် ၁၉-နှစ်)၊ မိုဟမ္မဒ်အာယာစ် (ဘ) နုရ်အစ္စလာမ် (အသက် ၁၈-နှစ်) နှင့် အာန်ဝါရ်ဆားဒဲက် (ဘ) အစ္စလာမ် တို့သည် အောက်တိုဘာလ (၁၄) ရက်နေ့ ညနေပိုင်းတွင် ပြိုင်းတောင်အုပ်စုအပိုင် တောင်ချောင်းရွာရှိ ဆွေမျိုးတော်စပ်သူ ဆယ်အိမ်မှူး ဦးမိုဟမ္မဒ်ဇူဘိုက်ရ် (အသက် ၄၀-နှစ်) ၏ နေအိမ်သို့ အလည်ရောက်ရှိလာပြီး ည ၈း၀၀ ခန့်အချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး အောင်သန်းဝင်း (အသက် ၃၀-နှစ်) ရောက်လာကာ အိမ်ပိုင်ရှင် မိုဟမ္မဒ်ဇူဘိုက်ရ် ကို ခေါ်၍ လူငယ်တွေကို ပြန်ခေါ်ယူလာရန် စေလွှတ်ခဲ့ပြီး လိုက်လံ ရှာဖွေနေစဉ် ကျေးရွာတာဝန်ခံ မိုဟမ္မဒ်တာဟဲရ် (အသက် ၄၀-နှစ်) က ကြန့်ကြာနေဟုဆိုကာ မိုဟမ္မဒ်ဇူဘိုက်ရ်ကို ရိုက်နက်ခဲ့သည်။

လူငယ် ၃-ဦးကို ရှာမတွေ့သဖြင့် ၎င်းတို့၏ ဖခင်နှစ်ဦး နှင့် အစ်ကိုတစ်ဦးတို့ကို ရုံးသို့ ခေါ်ယူလာ၍ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ခံတို့က ၎င်းတို့ကို ရွာထဲက ဆိုင်တစ်ဆိုင်တွင် နံနက် ၅ နာရီထိ ထားရှိကာ ''အဲ့ဒီ လူငယ်တွေနှင့်အတူ အကြမ်းဖက်သမားတွေ ရှိတယ်၊ အဲကောင်တွေကို ခေါ်ပေး၊ သူတို့ကို ဖမ်းဆီး ထောင်ချရမယ်'' စသဖြင့် အမျိုးမျိုး ခြိမ်းခြောက်၍ နောက်ဆုံးတွင် ၃-ဦးထံမှ ငွေကျပ် ၂-သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ အောင်သန်းဝင်း (ဒိုင်းနက်လူမျိုး) သည် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး အချို့ တို့နှင့် ပူးပေါင်း၍ ရွာသားများကို မဟုတ်မမှန် စွပ်စွဲချက်များဖြင့် ခြိမ်းခြောက်ကာ ရွာသားများထံမှ ငွေညှစ်ပြီး ဝေစုခွဲယူလျက်ရှိကြောင်း ရွာသား တစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ