ဂူတာပြင်၌ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တပ်ရင်း ၂၃၄ တွင် ခုံရုံးဖွဲ့ စစ်ဆေးပြီးနောက် ကျူးလွန်သူများကို အရေးယူထားသည်ဟု ကြေညာ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဂူတာပြင်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ရိုဟင်ဂျာများကို ၂၀၁၇ ခုနှစ် သြဂုတ်လ လကုန်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် ကျေးရွာကို မီးရှို့ကာ အလောင်းများကို ကျင်းများတူး၍ မြှုပ်နှံခဲ့သည်။ 

ထိုကဲ့သို့ သတ်ဖြတ်၍ အစုလိုက်အပြုံလိုက် မြှုပ်နှံထားခြင်းနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် စစ်တပ်တို့က အကြိမ်ကြိမ် ငြင်းဆိုခဲ့သော်လည်း နိုင်ငံတကာ၏ ဖိအားများလာသည့်အပြင် ICJ နိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုရန် ပြင်ဆင်နေသောကြောင့် ဂူတာပြင်တွင် စစ်သားများက ရိုဟင်ဂျာအနည်းငယ်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ကျူးလွန်သူများကို ဖော်ထုတ် အရေးယူသွားမည်ဟု ကြေညာခဲ့သည်။ ထို့အပြင် လူသတ်မှု ကျူးလွန်သူများကို စီစစ်ဖော်ထုတ်ရန် စစ်တပ်အကြီးအကဲများ ဦးစီး စစ်ခုံရုံးဖွဲ့၍ တပ်မင်းချောင်း အခြေစိုက် တပ်ရင်း ၂၃၄ တွင် စစ်ဆေးသွားမည်ဟု ကြေညာခဲ့သည်။

ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်မှူးကြီးဇော်မင်းထွန်း က ဂူတာပြင်၌ စစ်တပ်က ရိုဟင်ဂျာ ၁၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ကျူးလွန်ခဲ့သူ ၇ ဦးကို အရေးယူထားကြောင်း ကြေညာခဲ့သည်။ 

ဒီဇင်ဘာလ ၁ ရက်နေ့တွင် တပ်မင်းချောင်း၊ လက်ဝဲဒက်ပုဇွန်ချောင်း၊ လက်ဝဲဒက်၊ ဂူတာပြင် စသည့်ကျေးရွာများမှ သက်ကြီးရွယ်အို၊ အမျိုးသား၊ အမျိုးသမီး အချို့ကို မေးမြန်းလိုသည်ဟု ဆိုကာ တပ်ရင်း ၂၃၄ သို့ ခေါ်ဆောင်သွားပြီး တစ်နေကုန် စောင့်ဆိုင်းခိုင်းခဲ့သော်လည်း တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ ပြန်လွှတ်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ ရိုဟင်ဂျာ ၅ ဦးကို တပ်ရင်း ၂၃၄ သို့ ခေါ်ဆောင်သွားပြီး စစ်တပ်မှ အရာရှိများက တစ်ဦးချင်းစီ သီးသန့်တွေ့ဆုံ၍ ဂူတာပြင်၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။ ထို့နောက် စစ်သား ၇ ဦးကို ခေါ်ဆောင်လာပြီး ယင်းစစ်သားများက လူသတ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ပြောဆို၍ ရိုဟင်ဂျာများကို ပြန်လွှတ်ခဲ့သည်။ 

“အဲဒီ စစ်သားတွေကို ထောင်ချလိုက်ပြီလို့ ပြောပေမယ့်လည်း စစ်သားတွေက အခုထိ တပ်ရင်း ၂၃၄ မှာ ရှိနေတုန်းပဲ၊ ဘယ်လို ထောင်ချလိုက်လဲဆိုတာတော့ ကျွန်တော်တို့လည်း နားမလည်ဘူး။ အင်းဒင်တုန်းကလည်း ထောင်ချလိုက်ပြီ ပြောပေမယ့် နောက်ဆုံးကျတော့ ပြန်လွှတ်လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ဂူတာပြင်၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မြှုပ်နှံထားသည့် ကျင်းများပေါ်တွင် အာဏာပိုင်များက အိမ်များ ဆောက်လုပ်ထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ