မောင်တော မင်္ဂလာကြီးရှိ နယ်ခြားစောင့်ရဲများက ချောင်းကူသူများထံမှ ငွေညှစ်
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာ၏ မြောက်ဘက် သရက်အုပ်ကျေးရွာသို့ ဖြတ်ကူးသည့် ချောင်းအနီးရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ဖြတ်သန်းသွားလာသူများထံမှ ငွေကောက်ခံလျက်ရှိသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာမှ မြောက်ဘက် သရက်အုပ်ကျေးရွာသို့ ကူးတို့လှေဖြင့် ဖြတ်ကူးသည့် ချောင်းငယ်တစ်ခု ရှိပြီး၊ ချောင်း၏ တောင်ဘက် မင်္ဂလာကြီးဘက်ခြမ်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲကင်းစခန်းတစ်ခုရှိသည်။ ယင်းကင်းစခန်းတွင် ဒုရဲအုပ်တစ်ဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၅ ဦး ရှိသည်။ 

အဆိုပါ နယ်ခြားစောင့်ရဲများက ချောင်းမှ ဖြတ်သန်းသွားလာသူများထံမှ ငွေကောက်ခံလျက် ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဒီဇင်ဘာလ ၁ ရက်နေ့တွင် သရက်အုပ်ကျေးရွာ၌ လက်သမားအလုပ်လုပ်ကိုင်ပြီး ချောင်းကိုကူး၍ ပြန်လာသူနှစ်ဦးကို လက်ထိပ်ခတ်၍ ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ရွာထွက်လက်မှတ်များ သက်တမ်းကုန်ဆုံးနေသည်ကို အကြောင်းပြ၍ ငွေကျပ် ၃ သောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ ငွေညှစ်ခံရသူများမှာ မောင်နီရွာသား အသက် ၁၆ နှစ်အရွယ် အုစ်မာန်ဂေါ်နီနှင့် အခြားတစ်ဦးတို့ ဖြစ်ကြသည်။ 

နယ်ခြားစောင့်ရဲများသည် သရက်အုပ်ကျေးရွာမှ ကြက်များ ဝယ်ယူလာသည့် မင်္ဂလာကြီးရွာသား မော်လဝီဖေရုစ် (အသက် ၂၁ နှစ်) ထံမှာ ငွေကျပ် နှစ်ထောင် ညှစ်ယူခဲ့သည်။ ထို့အပြင် ဓါတ်ဆီ (သို့) ဒီဇယ်ဆီ အဝါရောင် ပုံးတစ်ပုံး သယ်ဆောင်၍ ဖြတ်သန်းသွားလျှင် ငွေကျပ် ငါးထောင်ဆီ ကောက်ခံသည်ဟု ဒေသခံများက ဆိုကြသည်။ 

“ဒီကင်းစခန်းက နေ့စဉ်နေ့တိုင်း ရိုဟင်ဂျာတွေဆီကနေ အကြောင်းအမျိုးမျိုးနဲ့ ငွေညှစ်နေတယ်။ ရွာထွက် လက်မှတ်ပြရင်လည်း သက်တမ်းကုန်နေတယ်၊ ယာယီသက်သေခံကဒ်ပြား အပ်ထားတဲ့ လက်မှတ်ပြရင်လည်း သက်တမ်းကုန်နေတယ်၊ အဲလိုအကြောင်းပြချက်တွေနဲ့ လိုင်စင်ရထားတဲ့ ဓါးပြတွေလို ငွေညှစ်နေတယ်။ အထက်အာဏာပိုင်တွေအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံများကိုယ်စား ဒေသခံတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ