ဘူးသီးတောင် ရေချမ်းပြင်၌ အသက် ၁၂ နှစ်အရွယ် ရိုဟင်ဂျာကလေးတစ်ဦး မိုင်းထိပြီး ပြင်းထန်စွာဒဏ်ရာရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာသစ်မှ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး မြေမြှုပ်မိုင်းထိပြီး ပြင်းထန်စွာဒဏ်ရာရရှိသည်။

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာသစ်မှ ဦးအီမာန်ဟူစိန်း၏ သား နော်ဘီဟူစိန်း (အသက် ၁၂ နှစ်) သည် ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် ရေချမ်းပြင်ရွာသစ်နှင့် သရက်ပြင် ရခိုင်ရွာအကြားရှိ လယ်ကွင်း၌ နွားကျောင်းနေစဉ် မြေမြှုပ်မိုင်း ထိ၍ ခြေထောက် နှစ်ဖက်စလုံး ကြေမွပျက်စီးသွားသည့်အပြင် မျက်နှာတွင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

“ခြေထောက်နှစ်လုံး လုံး၀ ပျက်စီးသွားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

မိသားစုဝင်များက ကလေးကို ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

မိုင်းပေါက်ကွဲသည့် နေရာတွင် မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ယင်းနေရာ ပတ်ဝန်းကျင်ရှိ ရွာများကို စစ်တပ်က မကြာခဏ ဝန်းရံ၍ ပိတ်ဆို့ စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသောကြောင့် ယခုပေါက်ကွဲသည့် မိုင်းမှာ AA က ထောင်ထားသည့် မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။ 

တိုက်ပွဲများကြောင့် ရိုဟင်ဂျာများ မကြာခဏ ထိခိုက်နေသည့်အပြင် အသက်ဆုံးရှုံးနေခြင်းများလည်း ရှိသည်။ နှစ်ဖွဲ့စလုံး၏ ညှဉ်းပန်းနှိပ်စက်မှုလည်း ရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ