တပ်ရင်း ၅၅၁ မှ ဒုတပ်ကြပ်ဝင်းလှက ရိုဟင်ဂျာတစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၅၅၁ မှ ဒုတပ်ကြပ်ဝင်းလှ က ဝါးရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ဦးထံမှ ငွေကျပ် ၂၅၀၀၀၀/- ညှစ်ယူခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ဝါးရကျွန်းကျေးရွာအုပ်စု ကြိမ်ချောင်းရွာမှ ဦးအလီအာမတ် (ဘ) ဦးအလီဟူဆောင်း (အသက် ၄၅ နှစ်) သည် ယခင်က ဝါးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး၊ ယခုအခါ အလုပ်လက်မဲ့ ဖြစ်နေသောကြောင့် ဝါးလက္ကား ရောင်းချသူများထံမှ ဝါးများဝယ်ယူ၍ လက်လီရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။

ထိုသို့ဝါးများ လက်လီရောင်းချနေသည်ကို တပ်ရင်း ၅၅၁ မှ ဒုတပ်ကြပ်ဝင်းလှက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ၎င်းထံမှ ခွင့်ပြုချက်မပါဘဲ ဝါးထုတ်လုပ်ရောင်းချနေသည်ဟု စွပ်စွဲ၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပြီး ငွေကျပ် ၂၅၀၀၀၀/- ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ထို့အပြင် ဦးအလီအာမတ်၏ သားဖြစ်သူက ဆိုင်ကယ်နှင့် လူတစ်ဦးကို တိုက်ခဲ့မိသည်ဟု ဆိုကာ သားထံမှလည်း ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ တစ်ရက်တည်းတွင် ငွေကျပ် ၄၅၀၀၀၀/- ညှစ်ခံခဲ့ရသည်။ အလုပ်လက်မဲ့ ဖြစ်နေချိန်တွင် ဝါးလက်လီရောင်းချ၍ ဝမ်းစာရှာဖွေနေစဉ် အိမ်တွင် ရှိသမျှ ငွေများကို ဒုတပ်ပြပ်ဝင်းလှအား ပေးလိုက်ရသည်။ 

ဒုတပ်ကြပ်ဝင်းလှသည် ဘူးသီးတောင်နှင့် ဘူးသီးတောင်အရှေ့တောင်ပိုင်းသို့ သွားလာနေသည့် ဆိုင်ကယ်၊ သုံးဘီးများကို ရပ်တန့်ခိုင်းပြီး နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လေ့ရှိသည်။ တစ်ခါတစ်ရံ တစ်နေကုန် ထိုင်ခိုင်းထားခြင်းများလည်း ပြုလုပ်လေ့ရှိသည်။ 

ဘူးသီးတောင် အရှေ့တောင်ပိုင်းတွင် နေထိုင်သူများသည် မြို့ပေါ်သို့ သွားလျှင် နေရာ ၆ ခုတွင် စစ်ဆေးခံရသည်။ ကြာညိုပြင်ရှိ စိုင်းဒင်တံတား တစ်ဖက်စွန်းတွင် နယ်ခြားစောင့်ရဲ၊ ကျန်တစ်ဖက်တွင် စစ်တပ်၊ တပ်ရင်း ၅၅၁ ရှေ့တွင် စစ်တပ်၊ တပ်ရင်း၏ အခြားတစ်ဖက်တွင် နယ်ခြားစောင့်ရဲ၊ ဖန်ဇင်းချောင်းတံတား၏ အရှေ့ဘက်တွင် နယ်ခြားစောင့်ရဲ၊ အနောက်ဖက်တွင် ရဲတပ်ဖွဲ့ တို့က စစ်ဆေးခြင်းကို ခံနေရသည်။ 

စိုင်းဒင်တံတားနှင့် တပ်ရင်း ၅၅၁ တစ်ဖက်ရှိ နယ်ခြားစောင့်ရဲများက ဖြတ်သန်းသွားလာသူများထံမှ ငွေကောက်ခံသည်။ ထိုသို့ စစ်ဆေး ငွေကောက်ခံခြင်းကြောင့် ဘူးသီးတောင် အရှေ့တောင်ပိုင်းမှ မြို့ပေါ်သို့ ဟင်းသီးဟင်းရွက် သွားရောက် ရောင်းချကြသည့် ဆင်းရဲသားများသည် စစ်ဆေးရေးဂိတ်များ၏ ငွေကောက်ခံမှု၊ စစ်ဆေးမေးမြန်းစဉ် အချိန်ကြန့်ကြာမှု တို့ကြောင့် ဈေးချိန်ပင် မမှီတော့သည်များလည်း ရှိသည်။ 

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲများကြောင့် တောတောင်၊ ချောင်းများသို့ သွားရောက်၍ စားဝတ်နေရေးအတွက် ရှာဖွေနိုင်ခြင်း မရှိသောကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်နေရသည့်အပြင် တိုက်ပွဲများကြောင့် အသက်ရှင်နေထိုင်ရေးအတွက်ပါ စိုးရိမ်နေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ