ဘူးသီးတောင် ညောင်ချောင်းနယ်မြေတွင် ဆွဲ၊ တင်၊ စစ် စတင်စစ်ဆေး၊ ငွေအဆမတန် တောင်းခံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်မြေတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိပြီး ငွေကြေး အဆမတန် တောင်းခံမှုကြောင့် ကလေးမွေးတိုးနှင့် အပြောင်းအရွှေ့ကိစ္စများ ပြုလုပ်၍ မရဖြစ်နေသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေ (နယ်မြေ ၁၁) မှ မ.က.ဖ ဦးစီးအရာရှိက ၂၀၂၀ ဆွဲ၊တင်၊စစ် ကို ယခုနှစ် ဒီဇင်ဘာလ လဆန်းပိုင်းမှစ၍ ပြုလုပ်သွားမည်ဟု ယင်းနယ်မြေအပိုင်ရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို နိုဝင်ဘာလ လဆန်းပိုင်း အကြောင်းကြားခဲ့သည်။ ထို့နောက် နိုဝင်ဘာလ လလယ်ပိုင်းတွင် ဖုရားပြင်အောင်ပနှင့် ဖရုံချောင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကို ခေါ်၍ ကလေးမွေးတိုး၊ အပြောင်းအရွှေ့ စသည်တို့အတွက် ရွာသားများကို ကြိုတင်အသိပေး၍ လျှောက်လွှာများ ဖြည့်ခိုင်းပြီး အဆင်သင့် ပြုလုပ်ထားရန် မှာကြားခဲ့သည်။ လျှောက်လွှာပုံစံများလည်း ထုတ်ပေးခဲ့သည်။ 

အုပ်ချုပ်ရေးမှူးများက ရွာသားများကို အသိပေးပြီး ကလေးမွေးတိုး၊ အပြောင်းအရွှေ့ ပြုလုပ်ရမည့်သူများ စာရင်းပြုစု၍ ငွေကောက်ခံကာ လျှောက်လွှာများ ဖြည့်ပေးခဲ့သည်။ ကလေးမွေးတိုးတစ်ဦးအတွက် ငွေကျပ် တစ်သောင်း (အုပ်ချုပ်ရေးမှူး ၅၀၀၀/-၊ မ.က.ဖ ၅၀၀၀/-)၊ အပြောင်းအရွှေ့ လျှောက်လွှာတစ်စောင် အတွက် ငွေကျပ် ၉၀၀၀၀/- (အုပ်ချုပ်ရေးမှူး ၅၀၀၀၀/-၊ မ.က.ဖ ၄၀၀၀၀/-)၊ ကောက်ခံခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ယခင်နှစ်က ကလေးမွေးတိုးတစ်ဦးအတွက် ငွေကျပ် ၅၀၀၀/-၊ အပြောင်းအရွှေ့ လျှောက်လွှာတစ်စောင် အတွက် ငွေကျပ် ၃၀၀၀၀/- ကောက်ခံခဲ့သည်။ ယခုနှစ်တွင် ငွေကြေး အဆမတန် ကောက်ခံခြင်းကြောင့် အပြောင်းအရွှေ့အတွက် ရွာသားအနည်းငယ်သာ စာရင်းပေးခဲ့သည်။ 

“ကျွန်တော်တို့ အရမ်းကို အခက်အခဲ ကြုံတွေ့နေချိန်မှာ လူတွေလည်း အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ ဆင်းရဲသားတွေက စားဝတ်နေရေးတောင် အခက်ကြုံနေရတဲ့ အချိန် ဖြစ်နေတယ်။ အဲဒါကြောင့် ငွေအဆမတန် ပေးပြီး အိမ်ထောင်စု အပြောင်းအရွှေ့ လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဒေသ (၄)၊ နယ်မြေ (၁၁)၊ စခန်း (၂၆) ညောင်ချောင်းစခန်းမှ မ.က.ဖ အဖွဲ့ဝင်များသည် နယ်ခြားစောင့်ရဲ ၅၀ ခန့်နှင့် အတူ ဖုရားပြင်အောင်ပကျေးရွာအုပ်စုသို့ ဆွဲ၊တင်၊စစ် စစ်ဆေးရန် ရောက်ရှိလာပြီး ညောင်ချောင်း အ.ထ.က ကျောင်းတွင် နေရာယူခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရွာသားများကို ကျောင်းသို့ သွားရောက်၍ စစ်ဆေးခံခိုင်းသောကြောင့် သွားရောက် စစ်ဆေးခံခဲ့သည်။ 

စစ်ဆေးရေးအဖွဲ့က ကလေးမွေးတိုးများ၊ အပြောင်းအရွှေ့များကို ပြုလုပ်မပေးဘဲ စာရင်းလက်ခံယူပြီး ဌာနချုပ်သို့ တင်ပြမည် ဖြစ်ကြောင်း၊ ဌာနချုပ်က ခွင့်ပြုမှသာ အိမ်ထောင်စု လူဦးရေစာရင်းတွင် တင်ပေးမည်ဟု ပြောဆိုခဲ့သည်။ ထိုသို့ တင်ပေးရာတွင်လည်း ကလေးမွေးတိုး တစ်ဦးလျှင် ငွေကျပ် ၁၆၀၀၀/-၊ အပြောင်းအရွှေ့ လျှောက်လွှာတစ်စောင်လျှင် ငွေကျပ် ၅၀၀၀၀/- မှ ၇၀၀၀၀/- အထိ ပေးရမည်ဟု ပြောဆိုခဲ့သည်။ 

ငွေကြေး အဆမတန် တောင်းခံမှုကြောင့် ကလေးမွေးတိုး၊ အပြောင်းအရွှေ့ ကိစ္စများ ပြုလုပ်ရမည်သူများက စစ်ဆေးမခံတော့ဘဲ မွေးတိုး၊ အပြောင်းအရွှေ့ ပြုလုပ်ရန် မလိုသူများကသာ စစ်ဆေးခံခဲ့ကြသည်။ စစ်ဆေးခံသူများကို အိမ်ထောင်စု လူဦးရေစာရင်းအတိုင်း ရှိ/မရှိ စစ်ဆေးပြီး ဓါတ်ပုံရိုက်၍ ငွေကျပ် ၂၀၀၀/- စီ ကောက်ခံသည်။ 

ဒေသခံတစ်ဦးက “အခု ဆွဲတင်စစ်မှာ ကလေးမွေးတိုး မတင်ပေးဘူးဆိုရင် အဲဒီကလေးက နောက်နှစ် ဆွဲတင်စစ် ရောက်ရင် အသက်တစ်နှစ်ကျော်သွားမယ်၊ အရင်နှစ်တွေက အသက် တစ်နှစ်ကျော် ကလေးတွေကို နယ်မြေက တင်ခွင့်မရှိဘူးလို့ ပြောပြီး ဌာနချုပ်ကို သွားခိုင်းတယ်။ ဌာနချုပ်သွားရင်လည်း တစ်ခေါက်နဲ့ မပြီးဘူး၊ သုံးလေးခေါက် သွားရတယ်၊ အချိန်လည်း လေးငါးလ အထိကြာတယ်။ ငွေလည်း ၂ သိန်းကနေ ၃ သိန်း ထိကုန်တယ်” ဟု ကလေးမွေးတိုးနှင့် ပတ်သက်၍ ကြုံတွေ့နေရသည်များကို ရှင်းပြသည်။ 

“ချွေးမ၊ သားမက်တွေကို အိမ်ထောင်စုစာရင်း တစ်ခုကနေ နောက်တစ်ခု ပြောင်းခွင့်မပေးဘူးဆိုရင် သူတို့တွေ ကလေးရလာရင် ကလေးတွေကို အိမ်ထောင်စု စာရင်းထဲ တင်လို့ရမှာ မဟုတ်ဘူး။ အရင်နှစ်တွေက မိဘနှစ်ယောက်စလုံး အိမ်ထောင်စုစာရင်း တစ်ခုထဲမှာ မရှိတော့ မွေးလာတဲ့ ကလေးတွေကို အိမ်ထောင်စု စာရင်းထဲ တင်မပေးဘူး။ အဲလိုနဲ့ ကလေးတွေက တရားမဝင် မွေးဖွားတဲ့ ကလေးတွေ ဖြစ်တယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက နယ်ပိုင်းတွေမှာ ရှိတဲ့ ကလေးအများစုက Black List အဖြစ် သတ်မှတ်ခံထားရတယ်” ဟု ၎င်းက ဆက်လက်၍ ရှင်းပြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ