ဘူးသီးတောင် ငကျဉ်တောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးက လယ်သမားများကို လုပ်ကြံ၍ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ၇ သိန်းကျော် ထွက်ပြေးစဉ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ ငကျဉ်တောက် ကျေးရွာမှ ရွာသူရွာသားများလည်း အများအပြား ပါဝင်သည်။ 

၂၀၁၉  ခုနှစ် မိုးဦးရာသီတွင် ငကျဉ်တောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စာရေး ဦးဆော်ယဒ်ဟူစိန်းသည် ငကျဉ်တောက်ကျေးရွာအုပ်စု၊ သရေကုန်တန်းကျေးရွာသို့ သွားရောက်၍ လယ်သမားများကို ဆင့်ခေါ်ပြီး လယ်သမားများကို မိမိတို့၏ လယ်မြေများနှင့် အနီးအနားရှိ ထွက်ပြေးသွားသူများ၏ မြေအလွတ်များကို စိုက်ပျိုးရန်၊ ပိုင်ရှင်မဲ့ လယ်မြေများကို လယ်နီးနားချင်းများက စိုက်ပျိုးနိုင်ကြောင်း ပြောကြားခဲ့သည်။ 

ထိုသို့ ပြောကြားခြင်းကြောင့် သရေကုန်တန်းမှ လယ်သမားများက မိမိတို့၏ လယ်မြေများနှင့် နီးစပ်သည့် မြေအလွတ်များကို စိုက်ပျိုးခဲ့ကြသည်။ လယ်သမားများ စိုက်ပျိုးပြီးစီးချိန်တွင် ရုံးစာရေး ဦးဆော်ယာဒ်ဟူစိန်း သရေကုန်တန်းသို့ ထပ်မံရောက်ရှိလာပြီး၊ ထွက်ပြေးသွားသူများ၏ လယ်မြေများ၏ လယ်မြေများတွင် စိုက်ပျိုးခဲ့သည့်အတွက် မြေ ဝ.၄၀ ဧကလျှင် ငှားရမ်းခ ငွေကျပ် ၂၀၀၀၀ စီ ပေးရမည်ဟု တောင်းခဲ့သည်။ လယ်သမားများက ဦးဆော်ယာဒ်ဟူစိန်းသည် လယ်မြေပိုင်ရှင်မဟုတ်သည့်အတွက် ငှားခပေးရန် ငြင်းဆန်ကြရာ ဦးဆော်ယာဒ်ဟူစိန်းက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စစ်တပ် တပ်ရင်းမှူးတို့ကို တိုင်တန်းပြီး စပါးများ ဖျက်ဆီးခံရအောင်နှင့် အရေးယူခြင်းခံရအောင် လုပ်သွားမည်ဟု ခြိမ်းခြောက်သဖြင့် လယ်သမားများက ကြောက်ရွံ့၍ ငွေပေးခဲ့ရသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ယခု စပါးရိတ်သိမ်းချိန်တွင် ရုံးစာရေး ပြန်လည်ရောက်ရှိလာပြီး လယ်သမားများကို ခေါ်ကာ ထွက်ပြေးသွားသူများ၏ လယ်မြေများတွင် စိုက်ပျိုးခဲ့သူများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်နေကြောင်း၊ ပိုင်ရှင်မဲ့ လယ်မြေများတွင် စိုက်ပျိုးခွင့် မရှိကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး သွားရမည်ဖြစ်ကြောင်း၊ မသွားလျှင် အရေးယူခြင်းခံရမည် ဖြစ်ကြောင်း နည်းမျိုးဖြင့် ခြိမ်းခြောက်ခဲ့သည်။ 

ထို့နောက် ၎င်းက တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီပေးလျှင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ သွားရောက်၍ အကျိုးအကြောင်း ပြောပြ၍ ကျေနပ်အောင် လုပ်ပေးမည်ဟုဆိုကာ ငွေတောင်းခံခဲ့သည်။ လယ်သမားများက ကြေက်ရွံ့၍ နောက်ဆုံးတွင် ငွေကျပ် တစ်သိန်းစီ ပေးခဲ့ရသည်။ ငွေကျပ် တစ်သိန်း မတတ်နိုင်သော လယ်သမားများက ငွေကျပ် ငါးသောင်းစီ ပေးခဲ့ရသည်။ 

ငွေပေးခဲ့ရသူများမှာ -- (၁) ဦးမာမတ်ရော်ဖိခ် (၂) ဦးဝါရဲစ် (၃) ဦးမာမတ်ဂျာဟာရ် (၄) ဦးဟာလူ (၅) ဦးအီမာန်ဟူစိန်း တို့အပါအဝင် လယ်သမား ၂၀ ဦး ဖြစ်သည်။

ဦးဆော်ယာဒ်ဟူစိန်းသည် ငကျဉ်တောက်ကျေးရွာအုပ်စုတွင် ရုံးစာရေးအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိနေပြီ ဖြစ်သည်။ တာဝန်စတင် ထမ်းဆောင်သည့်အချိန်မှစ၍ စစ်တပ်၊ ရဲတပ်ဖွဲ့၊ န.စ.က၊ အုပ်ချုပ်ရေးဌာနတို့နှင့် ပူးပေါင်း၍ ရွာသားများကို ညှဉ်းပန်းနှိပ်စက် ငွေညှစ်နေသူဖြစ်သည်။ ၎င်းတွင် ငကျဉ်တောက်ကျေးရွာအုပ်စု အောင်လံပြင်ရွာတွင် အိမ်တစ်လုံးရှိပြီး၊ အမှတ် ၅ ရပ်ကွက်တွင်လည်း အိမ်တစ်လုံး ဝယ်ယူခဲ့သည်။ ၎င်း၏ မိသားစုသည် အောင်လံပြင်ရွာ နေထိုင်ကြသည်။ ယခုအခါ အောင်လံပြင်တွင် အိမ်ခြေ ၃၀ ခန့်သာရှိသည်။  ၎င်း၏ ဇနီးနှင့် သမီးကြီးတို့သည် နေ့စဉ်နေ့တိုင်း ရွာတွင်းရှိ အိမ်တိုင်းသို့ တစ်အိမ်တက်ဆင်း လည်ပတ်ပြီး အိမ်များမှ ဆန်၊ ငရုတ်သီး၊ ဆီ၊ ဟင်းသီးဟင်းရွက် စသည်ဖြင့် တွေ့သမျှ အရာကို တောင်းသည်ဟု ဒေသခံများက ပြောသည်။ ၎င်းတို့တောင်းသည့် ပစ္စည်းများ မရလျှင် ငွေချေးကြောင်း၊ မပေးပါက အကြမ်းဖက်သမားများကို ထမင်းကျွေးခဲ့ကြောင်း၊ ငွေထောက်ပံ့ပေးခဲ့ကြောင်း တပ်ရင်းသို့ သတင်းပို့မည်ဟု ခြိမ်းခြောက်ကြောင်း၊ ထိုသို့ ခြိမ်းခြောက်ခြင်းကြောင့် ဆင်းရဲသားများက ၎င်းတို့ထံတွင် ရှိသည့် ပစ္စည်းများမှ တစ်ဝက်ခွဲ၍ ပေးနေရကြောင်း၊ ၎င်းတို့ မိသားစုသည် ၂၀၁၇ သြဂုတ်လ နောက်ပိုင်းမှစ၍ မည်သည့်အရာကို ဝယ်ယူခြင်း မပြုလုပ်ဘဲ ဆင်းရဲသည့် မိသားစုများကို ခြိမ်းခြောက်၍ တောင်းယူသည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ