ကုလ အထူးကိုယ်စားလှယ် Ms. Burgener ၏ ခရီးစဉ်၌ မောင်တောနှင့် စစ်တွေတို့တွင် အစိုးရဝန်ထမ်းများက NVC စည်းရုံးရေးပြုလုပ်
၀င်းမင်းစိုး Rohingya Today

မောင်တော ။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သွားရောက်သည့် ရခိုင်ခရီးစဉ်၌ အစိုးရမှ သက်ဆိုင်ရာ ဝန်ထမ်းများက မောင်တောနှင့် စစ်တွေ တို့တွင် NVC စည်းရုံးရေး ပြုလုပ်ခဲ့ကြသည်။ 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် အဖဲ့ွသည် အောက်တိုဘာလ (၁၅) ရက်နေ့တွင် မောင်တောမြို့သို့ရောက်ရှိလာပြီး အစိုးရမှ ကြိုတင်ပြင်ဆင် ခေါ်ပေးထားသည့် ဟိန္ဒူများ၊ ရခိုင်များနှင့် အကန့်အသတ်ဖြင့် ခေါ်ထားသည့် ရိုဟင်ဂျာ စသည့် လူ့အဖွ့ဲအစည်းများ၏ ကိုယ်စားလှယ်အချို့နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် အခြားလူမျိုးများဘက်မှ လူများများ တက်နိုင်ပြီး လွတ်လပ်စွာ ဆွေးနွေးနိုင်ခဲ့သာ်လည်း ရိုဟင်ဂျာများဘက်က တွေ့ဆုံပွဲ တက်ရောက်ရန် စုစုပေါင်း ၈-ယောက် သွားသည့်အနက် နေရာမလုံလောက်ဟုဆိုကာ ၆-ယောက်ကိုသာ တက်ခွင့်ပေးခဲ့သည်။

တက်ရောက်ခွင့်ရသည့် ရိုဟင်ဂျာများကို ပါဝင်ဆွေးနွေးမှု မလုပ်ရန် ကြိုတင်၍ လျှို့ဝှက်စွာ ဟန့်တားခဲ့သည်။ တွေ့ဆုံပွဲတွင် နယ်ခြားစောင့်ရဲ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ စသည့် အစိုးရဌာနဆိုင်ရာများမှ ဝန်ထမ်းများလည်း တက်ရောက်ခဲ့သောကြောင့် လွတ်လပ်စွာ ဆွေးနွေးခွင့်မရခဲ့ကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောပါသည်။ 

Ms. Burgener နှင့်အဖွဲ့သည် အောက်တိုဘာလ (၁၆) ရက်နေ့ နံနက် ၉း၃၀ အချိန်တွင် စစ်တွေမြို့ သက်ကေပြင် ဒုက္ခသည် စခန်းသို့သွား၍ Ms. Burgener က ၎င်းကိုယ်တိုင် မည်သူဖြစ်သည်ကို မိတ်ဆက်၍ ၎င်းသည် ဒုက္ခသည်စခန်းရှိ အခြေအနေအားလုံး သိရှိနားလည်ကြောင်း၊၊ ငြိမ်းချမ်းရေးဖော်ဆောင်ပေးနိုင်ရန် အလုပ်လုပ်လျက်ရှိကြောင်း စသည့် စကားအနည်းငယ်ပြောပြီး အတူလိုက်ပါလာသူ လ.ဝ.က က အရာရှိကြီးတစ်ဦးနှင့် လူကယ်ပြန် ဒု-ဝန်ကြီးတို့က NVC အကြောင်း အဓိက ပြောကြားပြီး NVC ဖြင့် ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စသည့် နေရာအနှံ့တွင် လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်ပြီး အမှတ်ကောင်းများဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများလည်း ဆေးပညာ၊ အင်ဂျင်နီယာ စသည့် ကိုယ်ကြိုက်သည့် အသက်မွေးဝမ်းကျောင်းဘာသာရပ်များကို တက်ရောက် သင်ယူနိုင်မည့်အပြင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရယူပြီး အခွင့်အရေးအကုန် ရရှိနိုင်မည်ဟု ပြောဆိုစည်းရုံးခဲ့သည်။

ထိုသို့ ပြောဆိုစည်းရုံးခြင်းနှင့် ပတ်သက်၍ ရိုဟင်ဂျာများက ယခင်က မိဘတွေမှာ အမျိုးသားမှတ်ပုံတင် ရှိလျှင် သားသမီးများ NVC ကိုင်ရန် မလိုဘဲ နိုင်ငံသားတိုက်ရိုက် လျှောက်ထား၍ ရမည်ဟု ပြောဆိုခဲ့သော်လည်း ယခု အဘယ်ကြောင့် မရသနည်းဟု မေးခွန်းထုတ်ရာ “မရဘူး၊ အမတ ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ၊ မိဘတွေနဲ့ မိဘတွေနဲ့ သားသမီးတွေပါ နိုင်ငံသားလျှောက်ရင် NVC ကိုင်ရမှာပဲ” ဖြေကြားခဲ့သည်။ 

IDP စခန်းများ ပိတ်တော့မည် ဖြစ်၍ ပထမဆုံး အနေဖြင့် သက်ကေပြင် စခန်းကို ပိတ်ပြီး ယင်းနေရာတွင် လုံးချင်းအိမ်များ ဆောက်လုပ်ပေးမည်ဟု ပြောကြားရာ ရိုဟင်ဂျာများက “ကျွန်တော်တို့က ဒုက္ခသည်စခန်း ပိတ်တာကို လက်ခံကြိုဆိုတယ်၊ ဒါပေမယ့် ကျွန်တော်တို့ကို ကျွန်တော်တို့ရဲ့ မူလနေရာတွေမှာ ပြန်လည် နေရာချထားပေးရမယ်၊ အခုတောင် ရိက္ခာတွေ လျှော့ပြီး ပေးနေတာ၊ ဒီနေရာမှာ လုံးချင်းအိမ်တွေ ဆောက်ပေးပြီး စခန်းပိတ်တယ်လို့ ကြေညာလိုက်တာနဲ့ ရိက္ခာရပ်သွားမယ်၊ လွတ်လပ်စွာ မသွားလာနိုင်ဘဲ ဘယ်က ဘယ်လို ဝင်ငွေရှာမလဲ၊ အကုန်လုံး အစာငတ်ပြီး သေသွားမှာပေါ့၊ ဝင်ငွေမရှာနိုင်ဘဲ လုံးချင်းအိမ်ဖြစ်ဖြစ် တိုက်ပဲဖြစ်ဖြစ် ပေးရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး၊ အဲဒီတော့ ကျွန်တော်တို့ အဓိက လိုအပ်တာကတော့ လွတ်လပ်စွာ သွားလာခွင့်၊ စီးပွားရေး လုပ်ပိုင်ခွင့် စတဲ့ ယခင်က ရှိခဲ့သမျှ အခွင့်အရေးတွေပါပဲ” ဟု ပြောကြားရာ တာဝန်ရှိသူတစ်ဦးက “အဲဒါတွေကတော့ တဆင့်ပြီးတဆင့် တဖြေးဖြေး ဖြစ်လာမှာပေါ့ဟု ဖြေကြားပြီး နံနက် ၁၀ နာရီအချိန်တွင် ထွက်ခွာသွားကြောင်း သက်ကေပြင် ရွာသားတစ်ဦးက Rohingya Today သို့ ပြောပါသည်။

ထို့နောက် အဆိုပါအဖွ့ဲသည် နံနက် ၁၁း၄၅ အချိန်တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်သို့ ရောက်ရှိလာပြီး Ms. Burgener နှင့်အတူ လိုက်ပါလာသည့် လ.ဝ.က ပြည်နယ်မှှူး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဒု-ဝန်ကြီးတို့ နှစ်ဦးက ရောက်ရောက်ချင်း NVC အကြောင်း ပြောပြီး ဒေသခံများကို အဘယ်ကြောင့် NVC မယူသလဲ ဟုမေးရာ “လ.ဝ.က က ပြည်နယ်မှူးကိုယ်တိုင်က ကျွန်တော်တို့ရွာမှာ ကွင်းဆင်းပြီး NVC ပေးတယ်၊ နိုင်ငံသားလျှောက်ခိုင်းလို့ လျှောက်တယ်၊ တစ်ချို့က ၁-နှစ်၊ တစ်ချို့ က ၂-နှစ် ရှိပြီး ဘယ်သူ့ကိုမှ နိုင်ငံသားကဒ် ထုတ်မပေးသေးဘူး၊ ၄၈ ဥပဒေ ၊ ၈၂ ဥပဒေ စတဲ့ မြန်မာနိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေအရ ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေပါပဲ၊ အစိုးရက ကျောသားရင်သား မခွဲခြားဘဲ ဥပဒေအတိုင်း တရားမျှတစွာ စစ်ဆေးဆောင်ရွက်ရင် အားလုံးက စစ်ဆေးခံဖို့ အဆင်သင့်ပါ” ဟု ဖြေကြားခဲ့သည်။ 

Ms. Burgener က ရိုဟင်ဂျာများကို ခင်ဗျားတို့ဘက်က ဘာပြောစရာရှိလဲဟု မေးမြန်းရာ “ကျွန်တော်တို့ ၂၀၁၂ ခုနှစ် မတိုင်ခင်က ရခိုင်တိုင်းရင်းသားတွေနဲ့ သဟဇာ ရှိရှိနဲ့ အတူယှဉ်တွဲ နေထိုင်လာခဲ့တယ်၊ ၂၀၁၂ မှာ အကြောင်းအမျိုးမျိုးကြောင့် ပဋိပက္ခ ဖြစ်ပြီး တစ်ဘက်နဲ့တစ်ဘက် မယုံမကြည် ဖြစ်ခဲ့ရတယ်။ အခြေအနေပြန်လည် တည်ငြိမ်သွားပြီး ယခုလည်း အတူတကွ နေထိုင်နေပါတယ်၊ ကျွန်တော်တို့ ရပ်ကွက်ထဲမှာရှိတဲ့ ကျောင်းကိုလာပြီး ရခိုင်ဆရာ၊ ဆရာမတွေက ရိုဟင်ဂျာကလေးတွေကို စာသင်ပေးတယ်၊ ကျွန်တော်တို့နဲ့ သူတို့နဲ့ လမ်းမှာတွေ့ရင် နှုတ်ဆက်ဖြစ်ကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့က အခုထိ ရွာအပြင်ထွက်ခွင့်မရသေးပါဘူး” ဟုဖြေကြားသည်။ 

ဒီကလူတွေ ၂၀၁၂ မတိုင်ခင်က အသက်မွေးဝမ်းကျောင်းဖို့ ဘာအလုပ်လုပ်ခဲ့လဲဟု ဆက်လက်မေးမြန်းရာ “ကျွန်တော်တို့ အများစုက မြို့မဈေးကြီးမှာ ဆိုင်တွေရှိခဲ့တယ်၊ ဆိုင်မရှိတဲ့လူတွေဆို လက်သမား၊ ပန်းရံဆရာ၊ အခြား ကျပန်း အလုပ်တွေလုပ်ခဲ့တာပါ၊ ခြုံပြီးပြောရရင် အဲ့ဒီမြို့မဈေးကြီးကို မှီခိုအားထားခဲ့တာပါ၊ ၂၀၁၂ ပဋိပက္ခ နောက်ပိုင်း ကျွန်တော်တို့ ဆိုင်တွေ အကုန်သိမ်းလိုက်တယ်၊ အခုထိ ရွာထဲမှာပဲ ပိတ်လှောင်ခံရပြီး အပြင်ထွက်ခွင့်မရသေးပါဘူး၊ မြို့မဈေးဆိုတာ ကျွန်တော်တို့ ရွာကနေ သွားရင် ငါးမိနစ်ဆယ်မိနစ် လောက်ပဲ လမ်းလျှောက်ရတာပါ၊ အဲ့ဒါကြောင့် ကျွန်တော်တို့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်၊ ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာလည်း မဟုတ်တော့ NGO တွေကလာပြီး ထောက်ပံ့တာမျိုးလည်း မရှိပါဘူး၊ တခါတလေ ပြည်နယ်အစိုးရက ပေးတဲ့ ထောက်ပံ့မှုနဲ့ အပြင်မှာရှိတဲ့ ကျွန်တော်တို့ ဆွေမျိုးတွေဆီက အကူအညီတောင်းပြီး ရတဲ့ ဟာတွေနဲ့ ဖြစ်သလိုသာ အသက်ရှင်နေရတာပါ၊ ကျွန်တော်တို့မှာ ဆေးကုသဖို့လည်း အခက်အခဲရှိတယ်၊ စစ်တွေ ပြည်သူ့ဆေးရုံ တက်ခွင့်မရသေးဘူး၊ တူရကီနိုင်ငံက ပေးတဲ့ ဆေးရုံ အဆောက်အဦကလည်း ဆောက်ပြီးပြီ သို့သော် ပြည်နယ်အစိုးရက ဆေးဝါးနဲ့ ဆရာဝန် တွေစီစဉ်ပြီး ဖွင့်လှစ်ပေးတာမျိုး မရှိသေးပါဘူး၊ ပညာရေးအခက်အခဲရှိတယ်၊ ဆယ်တန်းအောင်တဲ့ ကလေးတွေအတွက် တက္ကသိုလ်ပညာရေး သင်ယူနိုင်ဖို့ အစိုးရဆီ စာရေးခဲ့ပါတယ်၊ ဘာတုံ့ပြန်မှုမှ မရသေးပါဘူး” ဟု ဖြေကြားခဲ့သည်။

တဖက်နိုင်ငံတွင် ခိုလှုံနေသည့်သူများ ပြန်လာရေးနှင့် ပတ်သက်ပြီး မေးမြန်းသည့် မေးခွန်းကို “ကျွန်တော်တို့ နေရပ်မစွန့်ခွာဘဲ မြန်မာနိုင်ငံထဲမှာ ကိုယ့်နေရာမှ ကိုယ်နေနေတဲ့ လူတွေမှာ သွားလာခွင့်မရှိ၊ ရွာအပြင်တောင် ထွက်ခွင့်မပေးဘဲ ၆ နှစ်တိတိ ပိတ်လှောင်ထားတော့ တဖက်နိုင်ငံရောက် ဒုက္ခသည်တွေက ဘယ်လိုလုပ်ပြီး ပြန်လာချင်ကြမလဲ၊ နိုင်ငံထဲမှာ ရှိနေတဲ့လူတွေကို တရားမျှတစွာ၊ ခွဲခြားမှုကင်းစွာ ဆက်ဆံမယ် ဆိုရင်တော့ သူတို့ လာချင်ကြမှာပ” ဟု ဖြေဆိုခဲ့သည်။ 

နှစ်ဘက်လူ့အဖွဲ့အစည်း သဟဇာတရှိရှိနှင့် အတူယှဉ်တွဲ နေထိုင်နိုင်ရန် ဘာဆက်လုပ်ရင် ကောင်းမလဲဟု မေးမြန်းရာ “တရားဥပဒေ စိုးမိုးမှု ရှိလာမယ်ဆိုရင်၊ အကုန်လုံးက ချက်ချင်း အေးချမ်းသွားမှာပါ၊ စကားဝိုင်းတွေ လုပ်ရင်ကောင်းတာပေါ့၊ ကျွန်တော်တို့က လိုလားတယ်၊ သူတို့ဘက်က မလုပ်ချင်ကြဘူး၊ သူတို့ဘက်က လူကြီးတွေ တာဝန်ယူပြီး၊ ကျွန်တော်တို့ လူတွေကို ကျွန်တော်တို့ဘက်က လူကြီးတွေ တာဝန်ယူပြီး နှစ်ဘက် လူ့အဖွဲ့အစည်းကို အစိုးရက ကျောသားရင်သား မခွဲခြားဘဲနဲ့ တာဝန်ယူဆောင်ရွက်ပေးရင်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး” ဟု ဖြေကြားခဲ့သည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် နေ့လည် ၁၂း၁၅ အချိန်တွင် အောင်မင်္ဂလာရပ်ကွက်မှ ထွက်ခွာသွားခဲ့သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ