ဘူးသီးတောင် ဖုံညိုလိပ်ရှိ ရိုဟင်ဂျာအိမ်များ ကျည်ဆံထိမှန်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြသည့် ကျည်ဆံများသည် ဖုံညိုလိပ်ကျေးရွာ၊ အကွက် ၆ ရှိ ရိုဟင်ဂျာများ၏ နေအိမ်များသို့ ထိမှန်သဖြင့် ဒေသခံများ ကြောက်ရွံ့စိုးရိမ်နေကြသည်။ 

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ နေဝင်ချိန်တွင် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ကြာညိုပြင်ကျေးရွာရှိ တံတား (စိုင်းဒင်တံတား) ပေါ်မှာ မြန်မာစစ်တပ်နှင့် တောတောင်ထဲတွင် နေရာယူထားသော AA တပ်ဖွဲ့ဝင်များကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၂ ရက်နေ့ နံနက်ပိုင်းထိ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ 

“ပစ်လိုက်၊ ငြိမ်သွားလိုက်နဲ့ တစ်ညလုံး တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ညပိုင်းမှာ ဖုံညိုလိပ် အကွက် ၆ မှာရှိတဲ့ ရိုဟင်ဂျာအိမ်တွေ ကျည်ဆံထိတယ်။ ၂၂ ရက်နေ့ မနက် ၇ နာရီကျော်လောက်မှာလည်း အဲဒီရွာက နောက်ထပ် အိမ် ၃ လုံး ကျည်ဆံထိတယ်။ ကံကောင်းလို့ အိမ်ထဲက လူတွေကို မထိတာ။ အိမ်နှစ်လုံးမှာတော့ လူတွေရဲ့ အနားထိ ကျည်ဆံရောက်တယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများက ကြောက်ရွံ့စိုးရိမ်နေကြသည်။ 

“အိမ်တွေကို ထိတဲ့ ကျည်ဆံတွေက စစ်တပ်ဘက်က ပစ်တာလား၊ AA က ပစ်တာလားဆိုတာတော့ ခွဲခြားလို့ မရဘူး။ ဒါပေမယ့် ကျည်ဆံလာရာဘက်ကို ကြည့်မယ်ဆိုရင် AA က ပစ်တဲ့ ကျည်ဆံဖြစ်တယ်လို့ ကျွန်တော်တို့က သုံးသပ်နေကြတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။ 

ဖုံညိုလိပ်ကျေးရွာသည် ကြာညိုပြင်ရှိ စိုင်းဒင်တံတား၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး၊ AA တပ်ဖွဲ့ နေရာယူထားရာ နေရာသည် ကြာညိုပြင်ရွာ၏ အရှေ့ဘက် တောတောင်ထဲတွင် ဖြစ်သည်။ 

“စစ်တပ်ဘက်က ပစ်တာက အရှေ့ဘက်ကိုဆိုတော့ ဖုံညိုလိပ်က အနောက်ဘက်မှာ ရှိနေတယ်။ အရှေ့ဘက်တောတောင်ထဲကနေ AA က ကြာညိုပြင်မှာရှိတဲ့ စိုင်းဒင်တံတားကို ပစ်တဲ့ ကျည်ဆံတွေက ကြာညိုပြင်ကို ကျော်ပြီး ကြာညိုပြင်နဲ့ ချောင်းတစ်ခုသာ ခြားတဲ့ ဖုံညိုလိပ်ကို ရောက်တာ ဖြစ်နိုင်တယ်” ဟု အခြား ဒေသခံတစ်ဦးက သုံးသပ်ပြသည်။ 

ကျည်ဆံထိမှန်သည့် အိမ်အချို့၏ ပိုင်ရှင်များမှာ -- (၁) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအဒူလာကိမ်း (၂) ဦးရော်ဖိခ် (ဘ) ဦးရော်ရှိတ်အာမတ် (၃) ဦးဆော်လိမ် (ဘ) ဦးအာဘုလ်ကာဆိမ်း (၄) ဦးရော်ဖိခ် (ဘ) ဦးဟာလူ တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ