ဘူးသီးတောင် စိုင်းဒင်တံတားရှိ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားသူများထံမှ ငွေကောက်ခံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း ကြာညိုပြင်ကျေးရွာရှိ တံတား (စိုင်းဒင်တံတား) ပေါ်တွင် စခန်းချထားသည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်ဆေးမေးမြန်းပြီး ငွေကောက်ခံလျက်ရှိသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားသူများကို စစ်ဆေးမေးမြန်းပြီး အထုပ်များပါလျှင် ရှာဖွေစစ်ဆေးလေ့ရှိသည်။ ယခုအခါ စစ်ဆေးသည့်အပြင် ငွေကျပ် ၁၀၀၀/- စီပါ ကောက်ခံလျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ရွာမှ ရွာသားများသည် စိုင်းဒင်တံတားကို ဖြတ်ကူး၍ သွားနေစဉ် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၎င်းတို့ကို စစ်ဆေးသည့်အခါ ၎င်းတို့က စည်းအိုးပြင်ကျေးရွာသို့ အလုပ်လုပ်ရန် သွားနေသည်ဟု ဖြေဆိုကြသော်လည်း စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ငွေကျပ် ၁၀၀၀/- စီ ပေးရမည်ဟု တောင်းခံခဲ့သည်။ 

ရွာသားများက မိမိတို့သည် နေ့စားအလုပ်သမားများ ဖြစ်ကြောင်း၊ တစ်နေကုန် နေပူထဲတွင် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး လုပ်ခ ၇၀၀၀/- သာ ရကြောင်း၊ ယင်းငွေ ၇၀၀၀/- ဖြင့် မိသားစုတစ်စု စားသောက်ရန် အလွန် ခက်ခဲကြောင်း၊ ငွေ ၁၀၀၀/- ပေးလိုက်ပါက မလောက်မင အခက်အခဲနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ ဆင်းရဲသားများ ဖြစ်သောကြောင့် သနားပါရန် အနူးအညွတ် တောင်းပန်၍ ပြောဆိုသော်လည်း စစ်သားများနှင့် နယ်ခြားစောင့်ရဲများက “ငွေ ၁၀၀၀/- စီ မပေးနိုင်ရင် ပြန်ကြတော့” ဟု ပြောဆိုသဖြင့် နောက်ဆုံးတွင် ငွေ ၁၀၀၀/- စီ ပေးခဲ့ရသည်။ 

ငွေပေးခဲ့သူများမှာ -- (၁) ဦးမာမတ်ရော်ဖိခ် (ဘ) ဦးအာဘူဆိဒ္ဒိက် (၂) ဦးအာဘူဘောက္ခောရ် (ဘ) ဦးမာမတ်ဆိဒ္ဒိက် (၃) ဦးနာဒိရ်ဟူဆောင်း (ဘ) ဦးအဒူရှုကူရ် (၄) ဦးအလီ (ဘ) ဦးအဒူရှုကူရ် (၅) ဦးဂျနောတ်အုလ္လာ (ဘ) ဦးဟာဖီးဇ်အာမတ် တို့ဖြစ်ကြသည်။ 

ယင်းနေ့မှစ၍ တံတားပေါ်မှ ဖြတ်သန်းသွားသူတိုင်း ငွေပေးနေရပြီး၊ အလုပ်သမားအချို့ အလုပ်လုပ်ရန် မသွားကြတော့ကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ