ဘူးသီးတောင်မှ တပ်ကြပ်ကြီးမြင့်စိုးနှင့် အပေါင်းအပါများက ရိုဟင်ဂျာသားအဖနှစ်ဦးထံမှ ရွှေငွေများလုယက်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ခွဲ (၃) မှ တပ်ကြပ်ကြီးမြင့်စိုးနှင့် အပေါင်းအပါတို့သည် လက်ဝဲဒက်ပြင်ကျယ်ကျေးရွာမှ ရိုဟင်ဂျာသားအဖနှစ်ဦး ရွှေ ၂၀ ကျပ်သားနှင့် ငွေကျပ် သိန်း ၇၀ လုယက်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၃) မှ တပ်ကြပ်ကြီးမြင့်စိုး သည် လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆာဒဲခ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေး ဦးရော်ရှိတ်၊ လက်ဝဲဒက်ပြင်ကျယ် ကျေးရွာအုပ်စုမှ ဦးမာမတ်ရီယာစ် တို့နှင့် ပူးပေါင်း၍ လက်ဝဲဒက်ပြင်ကျယ်ကျေးရွာအုပ်စု၊ မော်နီကုလ်ရွာမှ ဦးမာမတ်ကာဆိမ်းနှင့် သမီးဖြစ်သူတို့ထံမှ ရွှေ ၂၀ ကျပ်သားနှင့် ငွေကျပ် သိန်း ၇၀ လုယက်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၃ နာရီခန့် အချိန်တွင် ဦးမာမတ်ကာဆိမ်း (ဘ) ဦးနာဂုသည် သမီးဖြစ်သူနှင့်အတူ တပ်မိချောင်းကျေးရွာသို့ သွားနေစဉ် လက်ဝဲဒက်ပုဇွန်ချောင်း အရောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆာဒဲခ်နှင့် စာရေး ဦးရော်ရှိတ်တို့က တွေ့ရှိပြီး ခေါ်ယူ စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် ရွှေ၊ ငွေတွေ့ရှိသဖြင့် “ဘယ်ရွာကလဲ၊ ဘယ်ကိုသွားနေတာလဲ၊ ရွှေတွေ ငွေတွေ ဘယ်ကရတာလဲ” စသည်ဖြင့် မေးမြန်းပြီးနောက် တပ်ကြပ်ကြီးမြင့်စိုး ဖုန်းဆက်ခေါ်ခဲ့သည်။ တပ်ကြပ်ကြီးမြင့်စိုးသည် ၎င်း၏ တပည့်ဖြစ်သူ ဦးမာမတ်ရီယာစ်နှင့်အတူ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။ ၎င်းတို့နှင့်အတူ WY စိတ်ကြွဆေးပြားလည်း ပါလာခဲ့သည်။

တပ်ကြပ်ကြီးမြင့်စိုးသည် ဦးမာမတ်ကာဆိမ်းနှင့် သမီးဖြစ်သူထံမှ ရွှေ ၂၀ ကျပ်သားနှင့် ငွေကျပ် သိန်း ၇၀ ကို ချက်ချင်းပင် လုယက်ယူပြီး၊ ၎င်းတို့နှင့် အသင့်ပါလာသည့် WY အထုပ်များပြကာ WY သယ်ဆောင်နေသည်၊ WY နှင့် ဖမ်းမိသည်ဟု ပြောဆိုပြီး တပ်ရင်းသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထောင်ကျခံရမည် ဖြစ်ကြောင်း ပြောဆို၍ ခြိမ်းခြောက်ခဲ့သည်။ 

ထိုသို့ ခြိမ်းခြောက်နေစဉ် ဦးမာမတ်ရီယာစ်နှင့် ဦးဆာဒဲခ် တို့က ရွှေ၊ ငွေများ ဆုံးရှုံးသည့်အပြင် သားအဖနှစ်ဦးစလုံး နှစ်ရှည်ထောင်ဒဏ်ကျမည် ဖြစ်ကြောင်း၊ ထွက်ပြေးမှ လွတ်မြောက်မည် ဖြစ်ကြောင်း ပြောဆိုသဖြင့် သားအဖနှစ်ဦးစလုံး ကြောက်ရွံပြီး ထွက်ပြေးခဲ့ကြသည်။ ရွှေ၊ ငွေများကို တပ်ကြပ်ကြီးမြင့်စိုးနှင့် အပေါင်းအပါ ၄ ဦးတို့ ခွဲဝေယူခဲ့သည်ဟု သိရသည်။ 

တပ်ကြပ်ကြီးမြင့်စိုးနှင့် ၎င်း၏တပည့်ဖြစ်သူ ဦးမာမတ်ရီယာစ်တို့ ပူးပေါင်း၍ တပ်ရင်းအနီးအနားရှိ ရိုဟင်ဂျာရွာများသို့ သွားရောက်၍ ရွာသားများကို လုပ်ကြံပြီး ငွေညှစ်ခြင်း၊ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ရွှေ၊ ငွေရတနာများ လုယက်ခြင်း၊ လူများကို ရိုက်နှက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ 

လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆာဒဲခ်သည် ရွာသားများကို အမြဲခြိမ်းခြောက်၍ ငွေညှစ်နေသူဖြစ်သည်။ ယင်းကျေးရွာတွင် ယခင်က အိမ်ခြေ ၃၀၀ ကျော်ရှိသည့်အနက် ယခုအခါ မိသားစု ၂၅ စုသာ ကျန်ရှိနေပြီး၊ ကျန်သည့်သူများမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလျက်ရှိသည်။ အုပ်ချုပ်ရေးမှူးက အိမ်အလွတ်များကို ဖြိုဖျက်၍ သစ်များကို ရောင်းစားသည်ဟု ဒေသခံများက ဆိုကြသည်။ ရွာတွင် ကျန်ရစ်နေသည့် မိသားစု ၂၅ စုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည်ဟု သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ