ဘူးသီးတောင် ငကျဉ်တောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ICRC ထောက်ပံ့ပစ္စည်းများအတွက် ငွေကောက်ခံခြင်း၊ ရွာသားတစ်ဦးကို ရိုက်နှက်ခြင်းနှင့် ဒုက္ခသည်များ၏ အိမ်များရောင်းချခြင်းများ ပြုလုပ်လျက်ရှိ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ငကျဉ်တောက်ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက NGO မှ ထောက်ပံ့သည့် ပစ္စည်းများ ထုတ်ယူသည့် မိသားစုများမှ တစ်အိမ်ထောင်လျှင် ၄၀၀၀ (လေးထောင်) ကျပ်စီ ကောက်ခံခြင်း၊ ရွာရှိ တစ်ဘက်နိုင်ငံရောက် ဒုက္ခသည်များ၏ အိမ်များကို အခြားသူများထံသို့ ရောင်းချခြင်း၊ လယ်ယာမြေများကို ငှားရမ်းခြင်းနှင့် ထိုသို့ ပြုလုပ်ရာတွင် ပါဝင်ကူညီခြင်း မရှိသူတစ်ဦးကို လက်ထိပ်ခတ်ပြီး ရိုက်နက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် ငကျဉ်တောက် ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း (အသက် ၄၅-နှစ်) က ယခု လက်ရှိ စာရင်းအရ ရိုဟင်ဂျာ အိမ်ခြေ ၃၇၅ လုံး နှင့် ဒိုင်းနက် အိမ်ခြေ ၉၉ လုံး စုစုပေါင်း အိမ်ခြေ ၄၇၄ လုံး ရှိ မိသားစုဝင်များအတွက် ICRC အဖွ့ဲမှ ပေးဝေသော ထောက်ပံ့ပစ္စည်းများ ထုတ်ယူသည့် မိသားစုများထံမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် ရန်ပုံငွေဟု ဆိုကာ တစ်အိမ်ထောင် လျှင် ငွေကျပ် ၄၀၀၀ (လေးထောင်) စီ ကောက်ခံခဲ့သည်။

ဦးကျော်သိန်းသည် အောင်လံပြင်ရွာနေ ရာအိမ်မှူးများဖြစ်ကြသည့် မိုဟမ္မဒ်ဆလာမ်း (ဘ) ဦးနာဇူများ (အသက် ၄၀-နှစ်) နှင့် ဆလိမ်း (ဘ) မော်လဝီ အာဘုလ်ကာလာမ် (အသက် ၃၅-နှစ်) တို့နှင့် ပူပေါင်း၍ ရွာရှိ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်းလင်းရေးဒဏ်ကို မခံနိုင်၍ နေရပ်စွန့်ခွာပြီး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံနေသည့် ဒုက္ခသည်များ၏ လယ်ယာမြေများကို မိုးစပါးစိုက်ရန် တစ်ဧကလျှင် ၅၀၀၀၀ (ငါးသောင်း) ကျပ်၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးရန် ဝ.၅ ဧကကို ၄၀၀၀၀ (လေးသောင်း) ကျပ် နှုန်းဖြင့် လယ်သမားများအား ငှားရမ်းလျက်ရှိသည့်အပြင် ဒုက္ခသည်များ ဖြစ်ကြသည့် မော်လဝီ ဦးနူရ်မိုဟမ္မဒ်၊ နူရူ နှင့် ကာဆိမ်း တို့၏အိမ်များ အပါအဝင် အခြားကျန်ရစ်သော ဒုက္ခသည်များပိုင် အိမ်များထဲမှ အိမ်ပေါင်း ၈၀-လုံးခန့်ကို အငယ်၊ အလတ်၊ အကြီး အရွယ်အစား အလိုက် ငွေကျပ် ၅-သိန်း၊ ၁၀-သိန်း၊ ၁၂-သိန်း နှုန်းများဖြင့် အခြားသူများသို့ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထို့အပြင် ဦးကျော်သိန်းသည် အောက်တိုဘာလ (၁၇) ရက်နေ့ နံနက် ၈း၀၀ ခန့်အချိန်တွင် ICRC အဖွ့ဲမှ ပေးဝေနေသည့် ထောက်ပံ့ပစ္စည်းများ ထုတ်ယူရန် ရောက်လာသည့် အောင်လံပြင်ရွာသား ဒီလ်မိုဟမ္မဒ် (ဘ) ဦးအဟ်မဒ်ဟုဆိန်း (အသက် ၃၃-နှစ်) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိသည်ဟု လုပ်ကြံစွပ်စွဲ ဖမ်းဆီးကာ လက်ထိပ်ခတ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် လူမဆန်စွာ ဆဲဆို ရိုက်နှက်မှုများပြုလုပ်ပြီး နံနက် ၁၁း၀၀ အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း အောင်လံပြင်ရွာသား တစ်ဦးက ပြောပါသည်။

ဒီလ်မိုဟမ္မဒ် သည် ရွာရှိ ပညာတတ် နှစ်ဦးထဲတွင် အလွန်ယဉ်ကျေးသိမ်မွေ့ပြီး မတရားမှုများကို ဟန့်တားနိုင်ခြင်းမရှိသော်လည်း အနည်းဆုံး မတရားမှုများတွင် ပါဝင်ပတ်သက်မှုမှ ရှောင်ကြဉ်သူတစ်ဦးဖြစ်၍ ဦးကျော်သိန်းက ဒုက္ခသည်များပိုင် အိမ်၊ လယ်ယာမြေများ ရောင်းချနိုင်ရေး အကူအညီပေးရန် အကြိမ်ကြိမ် ခေါ်သော်လည်း လိုက်ပါဆောင်ရွက်ပေးခြင်း မရှိခဲ့သောကြောင့် ယခုလို အကြောင်းမရှိ အကြောင်းရှာကာ လက်စားချေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ