ရသေ့တောင် ဆင်ခုန်းတိုင်ကျေးရွာမှ ရိုဟင်ဂျာအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်များက အုပ်စုလိုက် ထိုးကြိတ်
ရန်နိုင် Rohingya Today

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ဆင်ခုန်းတိုင်ကျေးရွာအုပ်စု ရိုဟင်ဂျာရွာမှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို လက်နက်များကိုင်ဆောင်ထားသည့် ရခိုင်များက အုပ်စုလိုက် ထိုးကြိတ်ခဲ့သည်။ 

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဆင်ခုန်းတိုင် ရခိုင်ရွာမှ စံရွှေမောင် အပါအဝင် ရခိုင်ရွာသား ၂၀ ကျော်တို့သည် သေနတ် ၆ လက်နှင့် ဓါးရှည်များ ကိုင်ဆောင်လျက် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာသို့ ရောက်ရှိလာပြီး ဦးလာလူးနှင့် ဦးမာမတ်ဆော်လာမ် တို့နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ရိုဟင်ဂျာအလုပ်သမားများကို အတင်းခေါ်ထုတ်၍ ဦးအာဘူတော်ယုဖ်၏ စပါးများကို ရိတ်သိမ်းခိုင်းခဲ့သည်။ 

ဦးအဒူရှကူရ်၏ ဇနီးဖြစ်သူ ဒေါ်နူရ်ဘေဂမ် (အသက် ၃၇ နှစ်) သည် ၎င်း၏ ခြံဝင်းအတွင်း ဖုန်းပြောနေစဉ် စံရွှေမောင် အပါအဝင် ရခိုင်ရွာသား ၅ ဦး၊ ဆိုင်ဖုလ်အစ္စလာမ် (ဘ) ဦးလာလူး (အသက် ၂၂ နှစ်)၊ အီမာန်ဟူစိန်း (ဘ) ဦးမာမတ်ဆော်လာမ် (အသက် ၂၆ နှစ်) တို့သည် ဒေါ်နူရ်ဘေဂမ်၏ ခြံထဲသို့ဝင်၍ စပါးရိတ်သိမ်းနေသည်ကို ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ကူးယူခဲ့သည်ဟု စွပ်စွဲ၍ ဝိုင်းဝန်း ထိုးကြိတ်ခဲ့သည်။ ထိုစဉ် ဒေါ်နူရ်ဘေဂမ်၏ အစ်ကိုဖြစ်သူ ဦးဟာဆောင်းနှင့် သမီးပျိုတို့က တွေ့ရှိသွားပြီး အော်ဟစ်သဖြင့် ၎င်းတို့နှစ်ဦးကိုလည်း ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထို့နောက် အမျိုးသမီးနှစ်ဦးကို ရခိုင်ရွာဘက်သို့ ဆွဲခေါ်သွားစဉ် လမ်းတစ်ဝက်တွင် ရိုဟင်ဂျာရွာသားများက ကြားဝင်၍ တားဆီးသဖြင့် အမျိုးသမီးနှစ်ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ရခိုင်ရွာသားများသည် ဒေါ်နူရ်ဘေဂမ်၏ နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး ရှာဖွေရာ မတွေ့ရှိသဖြင့် အိမ်ကို မီးရှို့မည်၊ တွေ့ရှိသည့်အခါ သတ်ပစ်မည်ဟု အိမ်သားများကို ခြိမ်းခြောက်၍ အိမ်သုံးပစ္စည်းများ လုယက် ယူဆောင်သွားခဲ့သည်။ 

၎င်းတို့၏ ခြိမ်းခြောက်မှုကြောင့် ဒေါ်နူရ်ဘေဂမ်နှင့် ဦးဟာဆောင်းတို့ မိသားစုနှစ်စုလုံး နေအိမ်များတွင် မနေရဲတော့ဘဲ အခြားရွာများသို့ ထွက်ပြေး၍ တိမ်းရှောင်နေရသည်။ 

ရခိုင်ရွာသားများသည် စပါးများရိတ်သိမ်းသွားပြီး၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း ထပ်မံလာရောက်၍ စပါးများ ရိတ်သိမ်းသွားကြောင်း ဒေသခံများက ပြောသည်။ ၎င်းတို့ ရိတ်သိမ်းသွားသည့် စပါးများကို အနီးအနားရွာများမှ ရခိုင်များကို ရောင်းချနေကြောင်း သိရသည်။ 

ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာသို့ ရခိုင်များ မကြာခဏလာရောက်၍ ပြဿနာလုပ်နေသဖြင့် စာသင်ကျောင်းကိုပင် ပိတ်ထားရသဖြင့် ကလေးများ ပညာရေးပျက်ပြားနေသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ