မောင်တော၌ ရိုဟင်ဂျာများ၏ လယ်မြေများ ပျက်စီးသည့်အထိ မြေတူးယူပြီး လမ်းဖောက်လုပ်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာရှိ ပန်းတောပြင်ကျေးရွာရှိ ရိုဟင်ဂျာများ၏ လယ်မြေများမှ လမ်းဖောက်လုပ်ရန်အတွက် မြေများတူးယူရာ လယ်မြေ ၃ ဧကခန့် နောက်နောင် စိုက်ပျိုး၍ မရတော့သည့်အထိ ပျက်စီးသွားခဲ့သည်။ 

မောင်တောမြို့ပေါ်မှာ တောင်ပိုင်းသို့ သွားသောလမ်းပေါ်ရှိ မြို့မကညင်တန်းနှင့် ပန်းတောပြင်ကျေးရွာ အကြားတွင် တံတားရှည်တစ်ခု ရှိပြီး၊ ယင်းတံတားကို မယူချောင်း (မေယုချောင်း) တံတားဟုခေါ်သည်။ ဗြိတိသျှခေတ်က ဆောက်လုပ်ခဲ့သည့် တံတားဖြစ်သည်။ ယင်းတံတား ပျက်စီးနေသဖြင့် တံတား၏ အနောက်ဘက်မှ ကပ်လျက် တံတားသစ်တစ်ခု ဆောက်လုပ်ခဲ့သည်။ တံတားအသစ်သည် လမ်းနှင့် အဖြောင့်အတိုင်း မကျသဖြင့် နှစ်ဖက်စလုံးမှ လမ်းသစ်များ ဖောက်လုပ်ရသည်။ 

တံတား၏ မြောက်ဘက်ပိုင်းတွင် လမ်းသစ်ဖောက်လုပ်ရန်အတွက် သုံးမိုင်ရှိ တောင်တန်းတောင်ကုန်းများမှ မြေများ တူးယူ၍ ဆောက်လုပ်ခဲ့သည်။ တံတား၏ တောင်ဖက်ပိုင်းတွင် လမ်းသစ် ဖောက်လုပ်ရန်အတွက် သုံးမိုင်ရှိ တောင်ကုန်းမှ မြေသယ်ယူသော်လည်း တံတားဟောင်းပေါ်မှ မြေအပြည့်တင်ထားသည့် ကားများ မသွားနိုင်သည်ကတစ်ကြောင်း၊ ရွှေရင်အေး၊ ခရေမြိုင်ဘက်မှ လမ်းမကောင်းသည်ကတစ်ကြောင်း၊ အဆိုပါ လမ်းကြောင်းများမှ မြေသယ်ယူနိုင်ခြင်း မရှိသောကြောင့် လမ်းဆောက်လုပ်ရေး တာဝန်ခံက ပန်းတောပြင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်၍ အကျိုးအကြောင်း ပြောပြခဲ့သည်။ တာဝန်ခံက ပန်းတောပြင် အရှေ့ရွာ သောက်ရေကန်အနီးရှိ လယ်ကွင်းမှ မြေတူးယူရန် အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်တောင်းခံရာ အုပ်ချုပ်ရေးမှူးကလည်း အများပြည်သူ သွားလာမည့် လမ်းအတွက် ဖြစ်သောကြောင့် လယ်ပိုင်ရှင်များကိုပင် အကြောင်းမကြားဘဲ မြေတူးခွင့် ပေးလိုက်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးက လယ်မြေများ၌ နောင်အချိန်များတွင် စိုက်ပျိုးနိုင်ရန်၊ မြေမပျက်စီးသွားအောင် အနက် တစ်ပေခန့်သာ တူးယူရန် သေချာမှာကြားခဲ့သော်လည်း လမ်းဆောက်လုပ်ရေး တာဝန်ခံက အနက် ၄ ပေ၊ ၅ ပေခန့်ထိ တူးယူသဖြင့် လယ်မြေများကို ရေကန်ကြီးများ တူးသကဲ့သို့ ဖြစ်သွားသည်။ မြေတူးယူသွားသည့် လယ်မြေ ၃ ဧကခန့်မှာ နောက်နောင် စိုက်ပျိုးနိုင်မည့် အနေအထားပင် မရှိတော့ဟု ဒေသခံများက ပြောသည်။ မြေတူးသွားသည့် လယ်မြေများမှာ တစ်ဦးတည်း ပိုင်ဆိုင်သည့် လယ်မြေများ မဟုတ်သောကြောင့် နယ်နိမိတ် သတ်မှတ်ရန်လည်း ခက်ခဲနေသည်ဟု ၎င်းတို့က ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ