ဘူးသီးတောင် အခြေစိုက် တပ်ရင်း ၅၅၁ မှ ဗိုလ်မှူး၏ တပည့်တစ်ဦးက ရွာသားများထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ကင်းတောင်ကျေးရွာအုပ်စု တောင်ရွာမှ ဘဂ္ဂုလ္လား (ဘ) ဦးအဒူမူနာဖ် (အသက် ၃၈ နှစ်) က တပ်ရင်း ၅၅၁ မှ ဗိုလ်မှူးတစ်ဦး၏ အမည်ကိုသုံး၍ ဆင်းရဲသား ရွာသား ၅ ဦးထံမှ ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာများမှ မြေယာပိုင်ဆိုင်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင် စားသော်ကကြပြီး၊ မြေယာမရှိသူများက တောတောင်တက်ပြီး ထင်း၊ ဝါး၊ သစ်များ ခုတ်၍ ရောင်းချ စားသောက်လေ့ရှိသည်။ 

ယင်းဒေသတွင် မြန်မာစစ်တပ်နှင့် AA တို့အကြား နေ့စဉ်နေ့တိုင်းလိုလို ဖြစ်ပွားနေခြင်းကြောင့် ဆင်းရဲနွမ်းပါသူများ လုပ်ကိုင်စားသောက်ရန်ပင် ခက်ခဲလျက်ရှိသည်။ မိသားစု စားဝတ်နေရေး ဖြေရှင်းရန် လမ်းမရှိတော့သည့် ရွာသား ၅ ဦးသည် အသက်သေရမည်ကိုပင် မကြောက်ရွံ့တော့ဘဲ နိုဝင်ဘာလ ၄ ရက်နေ့တွင် စိုင်းဒင်တောင်သို့ တက်၍ ထင်းခုတ်ခဲ့သည်။ ကင်းတောင်ကျေးရွာအုပ်စု မြောက်ရွာမှ ဦးအဘုလ်ဝေါ်ဖား (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၄၅ နှစ်) အပါအဝင် ၅ ဦး ဖြစ်ပြီး၊ ၎င်းတို့သည် ထင်းများခုတ်ထွင်း စုဆောင်းပြီး ရွာသို့ သယ်ဆောင်လာသည်နှင့် တောင်ရွာမှ ဘာဂ္ဂုလ္လား က “တပ်ရင်း ၅၅၁ က ဗိုလ်မှူးက ငါ့ကို လွှတ်လိုက်တာ၊ မင်းတို့ ၅ ယောက်က ခွင့်ပြုချက်မဲ့ ထင်းခုတ်တဲ့အတွက် မင်းတို့ကို ဗိုလ်မှူးက ခေါ်နေတယ်၊ ငါနဲ့အတူ လိုက်ခဲ့ရမယ်။ ဗိုလ်မှူးက တော်တော် စိတ်ဆိုးနေတယ်၊ မင်းတို့ရောက်တာနဲ့ ရိုက်ခံရမယ်” ဟု ပြောကြားခဲ့သည်။ 

၎င်းက ခဏအကြာတွင် “မင်းတို့ ရိုက်လည်းခံရမယ်၊ ငွေလည်းညှစ်ခံရမယ်ဆိုတော့ မင်းတို့မလိုက်နဲ့တော့၊ ငွေပဲပေးလိုက်၊ ငါ ဗိုလ်မှူးကို အကျိုးအကြောင်း ကြည့်ပြောပြီး ငွေပေးပြီး ကျေနပ်လုပ်လိုက်မယ်” ဟု ဆိုကာ ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူခဲ့သည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ဘဂ္ဂုလ္လားဆိုသူသည် တပ်ရင်း ၅၅၁ မှ အရာရှိများနှင့် ပူးပေါင်း၍ ယင်းတပ်ရင်း အနီးအနားရှိ ကျေးရွာများမှ ရိုဟင်ဂျာများကို ဒုက္ခပေးနေသည်မှာ ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှစ၍ ဖြစ်သည်။ 

အလားတူ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စုမှ ဒီလူး (ဘ) ဦးအဒူလ္လာ (အသက် ၄၀ နှစ်) သည်လည်း ညောင်ချောင်း နယ်မြေမှူး၏ အမည်ကိုသုံး၍ ရခိုင်ရွာသားများနှင့် ပူးပေါင်းပြီး ဒုအိုးသည်မ၊ သိမ်တောင်ပြင်၊ ဘုရားပြင်အောင်ပ၊ ဖရုံချောင်း၊ စိမ်းညှင်းပြား စသည့်ကျေးရွာအုပ်စုတို့တွင် ပိန်းဥ၊ ထင်း၊ အုတ်ဖိုထင်း၊ မီးသွေး၊ သစ် စသည်လုပ်ငန်းများကို တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လျက် ရှိသည်။ လွန်ခဲ့သည့် ဇူလိုင်လက ပိန်းဥလုပ်ငန်းကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ယူ၍ ညောင်ချောင်း နယ်မြေ ပိုင်နက်အတွင်း ၎င်းထံမှလွဲ၍ အခြားသူများထံမှ ပိန်းဥမရောင်းရ ဆိုကာ ဟန့်တားခဲ့သည်။ ၎င်းထံရောင်းလျှင် ကာလပေါက်ဈေးအတိုင်း မဟုတ်ဘဲ ဈေးနှုန်းကို ၎င်းကသာ သတ်မှတ်သည်။ 

၂၀၁၈ ခုနှစ်တွင်လည်း ညောင်ချောင်း နယ်မြေမှူးနှင့် ဖရုံချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့် ခင်မင်သည်ကို အခွင့်ကောင်းယူ၍ ပိန်းဥများကို အဆင့်ခွဲပြီး တစ်ပိဿာကို ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်ထိ သာပေးသည့်အပြင် တစ်ပိဿာကို ၁၀၀ ကျပ်သားနှုန်းဖြင့် မချိန်ဘဲ ၁၂၀ ကျပ်သားနှုန်းဖြင့် ချိန်ခဲ့သည်။ ယခု ၂၀၁၉ ခုနှစ်တွင် တစ်ပိဿာလျှင် ၅၀၀ ကျပ် မှ ၇၀၀ ကျပ်သာ ပေးပြီး၊ တစ်ပိဿာကို ၁၄၅ ကျပ်သားထိ အတင်းအဓမ္မ ချိန်တွယ်သည်။

နိုင်ငံတော်မှ ခွင့်ပြုထားခြင်းမရှိသော သစ်၊ မီးသွေး လုပ်ငန်းများကိုလည်း နေပြည်တော်မှ တရားဝင် လိုင်စင်ရသည်ဟု ဆိုကာ ရွာသားများကို လိမ်လည်ပြောဆိုပြီး သစ်ခုတ်ထုတ်လုပ် ရောင်းချသူများထံမှ တစ်ဦးလျှင် ငွေကျပ် ရှစ်သောင်းမှ တစ်သိန်းထိ ကောက်ခံသည်။ 

ညောင်ချောင်းတွင် သစ်ခွဲစက် ၁၀ လုံးရှိပြီး ၎င်းတို့ထံမှ တစ်လုံးလျှင် ငွေကျပ် နှစ်သိန်းမှ နှစ်သိန်းခွဲထိ ကောက်ခံသည်။ အလားတူ မီးသွေးထုတ်လုပ် ရောင်းချသူမျာထံ တစ်ဦးလျှင် မီးသွေး အိတ် ၂၀ စီ တောင်းယူသည်။ 

၎င်းကြောင့် ဆင်းရဲနွမ်းပါးသူများ လုပ်ကိုင်စားသောက်ရန်ပင် ခက်ခဲနေကြသည်။ ၎င်းသည် မူးယစ်ဆေးဝါး ရောင်းချသူတစ်ဦး ဖြစ်ပြီး၊ ၂၀၀၆ ခုနှစ်က ထောင်ဒဏ် ၁၂ နှစ်နှင့် ၂၀၁၂ ခုနှစ်တွင် ထောင်ဒဏ် ၁၀ နှစ်ကျခဲ့သော်လည်း နှစ်ကြိမ်စလုံးတွင် ၅ နှစ်စီသာ ထောင်ထဲ၌ နေခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ