ရသေ့တောင် ဆင်ခုန်းတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာအိမ်များကို ဖြိုဖျက်၍ သစ်များရောင်းချနေ
ရန်နိုင် Rohingya Today

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ဆင်ခုန်းတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ပု က ရိုဟင်ဂျာများ၏ အိမ်များကို ဖြိုဖျက်၍ သစ်များရောင်းချနေသည်။ 

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ပုသည် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာသို့ သွားရောက်၍ အလုပ်သမား ၁၀ ဦးခန့် ခေါ်ကာ ဦးအာဘူတော်ယုဖ်၏ ဇနီးဖြစ်သူ ဒေါ်မာဂျီဒါခါတူ၏ နေအိမ်နှင့် AA တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ကျေးရွာတာဝန်ခံ ဦးအာဘူတာဟဲရ်၏ နေအိမ်များမှ ပျဉ်ပြားများ၊ တံခါးများ၊ ပြတင်းပေါက်များ စသည်တို့ကို ဖြုတ်ယူ၍ ဆင်ခုန်းတိုင်မှ ရခိုင်များနှင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံကျေးရွာအုပ်စု ဝက်မကျကျေးရွာမှ ရခိုင်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချလိုက်ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

အိမ်နှစ်လုံးစလုံးကို ၂၀၁၆ ခုနှစ်တွင် ငွေကျပ် သိန်း ၃၀၀ ကျော်စီ အကုန်အကျခံ၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ 

နေအိမ်များ ဖြိုဖျက်၍ ယူဆောင်သွားစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ပုက “ဒီအိမ်တွေကို ငါဖြိုချင်လို့ ဖြိုတာ မဟုတ်ဘူး၊ ငါ့ကို လူကြီးတွေက ခိုင်းလို့ လုပ်ပေးရတာ ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။ 

ဦးမောင်ပု ရည်ညွန်းသည့် လူကြီးများ ဆိုသည်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တပ်ရင်းမှူး၊ နယ်မြေမှူး စသည်တို့ကို ရည်ညွန်းနေခြင်းလား၊ သို့တည်းမဟုတ် AA တပ်ဖွဲ့ဝင်များကို ရည်ညွန်းခြင်းလား ဆိုသည်ကို ကွဲကွဲပြားပြား မသိရသော်လည်း အိမ်များ ဖြိုဖျက်နေစဉ် ဆင်ခုန်းတိုင်ကျေးရွာထဲတွင် AA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်လျက် သွားလာနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။ 

လွန်ခဲ့သည့်လ အောက်တိုဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် AA တပ်ဖွဲ့ဝင်များက ဆင်ခုန်းတိုင်ရှိ ရိုဟင်ဂျာနေအိမ် ၃၀ ကျော်ကို ဖြိုဖျက် ဖျက်ဆီးခဲ့သည်။ အမျိုးသာများကို ဖမ်းဆီးရန် ရှာဖွေခဲ့သဖြင့် ရွာသားအများအပြား အခြားရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရသဖြင့် အိမ်များမှာ လူသူမရှိဘဲ လွတ်နေသည်။ 

နိုဝင်ဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ဦးကာဆိမ်းနှင့် ဦးအာဘူတော်ယုဖ်တို့ စိုက်ပျိုးထားသည့် စပါး ၈ ဧကခန့်ကို AA တပ်ဖွဲ့ဝင်များက ရိတ်သိမ်းပြီး ယူဆောင် သွားခဲ့သည်။ 

ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်လူမျိုးများ၏ အခွင့်အရေးအတွက် မြန်မာစစ်တပ်နှင့် အစိုးရတို့နှင့် တိုက်ပွဲဝင်လျက် ရှိသော်လည်း ရန်သူမဟုတ်သည့် ရိုဟင်ဂျာများကို ယခုကဲ့သို့ ဒုက္ခပေးနေသည်မှာ လူမျိုး ဘာသာ မတူညီသောကြောင့် ဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ