မောင်တော မြောက်ပိုင်းမှ မြို့ပေါ်သို့ သွားလာသူများကို NVC ကိုင်ရန် ဖိအားပေးနေ
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်း သွားလာသည့် ရိုဟင်ဂျာများကို အာဏာပိုင်များက NVC ကိုင်ရန် ဖိအားပေးလျက်ရှိသည်။

၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ယာယီသက်သေခံကဒ်ပြားများ အပ်နှံထားသည့် လက်မှတ်ဖြင့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရိုဟင်ဂျာများ သွားလာနိုင်ခဲ့သော်လည်း ယခုအခါ ရွာထွက်လက်မှတ်ဖြင့်ပင် ပိတ်ပင်ကန့်သတ်လျက်ရှိသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်က NVC ရှိသူများကိုသာ သွားလာခွင့်ပေးပြီး၊ ရွာထွက်လက်မှတ်ပြသူများထံမှ ရွာထွက်လက်မှတ်များကို နယ်ခြားစောင့်ရဲများက ယူ၍ စုတ်ဖြဲပြီး အိမ်ပြန်ခိုင်းခြင်း ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

အလားတူ ရိုဟင်ဂျာ ယာဉ်မောင်းများကိုလည်း ယာဉ်မောင်းလိုင်စင်ပြလျှင်ပင် လက်မခံဘဲ NVC ကဒ် ပြရန် တောင်းခံနေသည်ဟု ဆိုသည်။ 

ယခုကဲ့သို့ ပိတ်ပင်ကန့်သတ်ခြင်းကြောင့် နယ်ပိုင်းမှ ရိုဟင်ဂျာများ မြို့ပေါ်သို့ လာရောက်နိုင်ခြင်း မရှိသည့်အတွက် အရောင်းအဝယ်များပင် လျော့နည်းလာသည်။ 

မောင်တောမြို့ခံတစ်ဦးက “ယာဉ်မောင်းတွေကို မြောက်ပိုင်းကို သွားလာခွင့် ပိတ်နေသလို၊ မြောက်ပိုင်းက ရိုဟင်ဂျာတွေကိုလည်း မြို့ပေါ်ကို လာဖို့ မပေးတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက တစ်ခုခု ကြံစည်နေသလားဆိုပြီး သံသယဖြစ်မိတယ်။ အခုလို ဆက်ထားမယ်ဆိုရင် လူတွေရဲ့ စီးပွားရေးလည်း ထိမယ်။ နောက်ဆုံး မခံနိုင်ရင် ဟိုဘက်နိုင်ငံကို ထွက်ပြေးပြီး ခိုလှုံရမယ်။ ပြန်ဝင်လာချင်ရင်လည်း အာဏာပိုင် အဆင့်ဆင့်ကို ၁၅ သိန်းလောက် ပြန်ပေးရမယ်။ အဲလို လုပ်ဖို့ အတွက် ပိတ်ပင်နေတာလားဆိုပြီး သံသယ ဖြစ်မိတယ်” ဟု ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ