BAJ ဝန်ထမ်း၏ မဆင်မခြင် မောင်းနှင်မှုကြောင့် ရိုဟင်ဂျာနှစ်ဦး ဒဏ်ရာရ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ Bridge Asia Japan (BAJ) ရုံးမှ ယာဉ်မောင်း၏ မဆင်မခြင် မောင်းနှင်မှုကြောင့် ရိုဟင်ဂျာနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီကျော်တွင် BAJ မောင်တောရုံးမှ ယာဉ်မောင်းတစ်ဦးသည် အရက်သောက် မူးယစ်၍ ကားကို အရှိန်ပြင်းပြင်းဖြင့် မောင်နှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းသွားနေသည့် ရိုဟင်ဂျာနှစ်ဦးကို တိုက်မိခဲ့သည့်အပြင် BAJ ရုံး၏ ခြံစည်းရိုး အုတ်နံရံကိုပါ ဝင်တိုက်ခဲ့သဖြင့် အုတ်နံရံပါ ဖြိုသွားသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ ကားလည်း ပျက်စီးသွားသည်ဟု ဆိုသည်။ 

BAJ မှ ရုံးကားနှစ်စီး အပြိုင်အဆိုင်မောင်းနှင်၍ ရုံးသို့ ပြန်ဝင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်စီးသွားနေသည့် ဦးမိုဟာမတ်ရော်ဖိခ် (အသက် ၄၂ နှစ်) နှင့် စက်ဘီးစီးသွားနေသည့် ရော်ဘီအုလ်ဟာဆောင်း (ဘ) ဦးဒိလ်မာမတ် (အသက် ၁၄ နှစ်) တို့ကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ ကားဖြင့် တိုက်ခံရသူနှစ်ဦးစလုံး ဦးခေါင်း၊ ရင်ဘတ်၊ ခါးနှင့် ခြေထောက်များတွင် ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံး၏ ဆိုင်ကယ်နှင့် စက်ဘီးများလည်း ပျက်စီးသွားခဲ့သည်။ နှစ်ဦးစလုံးမှာ မြို့မကညင်တန်းကျေးရွာမှ ဖြစ်ကြသည်။ 

ယာဉ်တိုက်မှုဖြစ်ပွားပြီး ခဏအကြာတွင် ယာဉ်ထိန်းရဲများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူနှစ်ဦးစလုံးကို ဆေးရုံသို့ ပို့ခိုင်းခဲ့သည်။ ယာဉ်မောင်းဖြစ်သူနှင့် BAJ ရုံးမှ ဝန်ထမ်းအချို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ယာဉ်မောင်းဖြစ်သူကို ရဲစခန်းတွင် ချုပ်နှောင်ထားခြင်း ရှိ/မရှိနှင့် ပတ်သက်၍ ဒေသခံများက အတိအကျ မသိဟု ဆိုကြသည်။ 

ကားတိုက်ခံရသူနှစ်ဦးစလုံးကို ဆေးရုံတွင် ခဏကြာ ဆေးကုသပေးပြီး ပြန်လွှတ်လိုက်သည်။ နောက်ရက်များတွင် လာရောက်၍ ဆေးစစ်ရန် မှာကြားခဲ့သည်။ 

လမ်းသွားလမ်းလာနှစ်ဦးကို တိုက်ခဲ့သည့် ယာဉ်မောင်းသည် ယာဉ်မောင်းတိုင်း အရှိန်ပြင်းပြင်းဖြင့် မောင်းလေ့ရှိပြီး၊ မြို့ထဲ ရွာထဲ ကျောင်းဈေးရှေ့ နေရာများတွင်ပင် မဆင်မခြင် မောင်းလေ့ရှိသူတစ်ဦးဟု သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ