ဘူးသီးတောင် သရက်ပြင်ရွာမှ ဆယ်ကျော်သက် ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း သရက်ပြင်ကျေးရွာအုပ်စုအနီးတွင် နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်း၌ မြန်မာစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆယ်ကျော်သက် ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ 

နံနက် ၉ နာရီကျော်မှစ၍ တိုက်ပွဲ ဖြစ်ပွားပြီး ၁၀ နာရီကျော်အချိန်တွင် ပစ်ခတ်မှု နည်းပါးသွားသော်လည်း ညနေပိုင်းထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ် နံနက် ၁၀း၃၀ နာရီတွင် သရက်ပြင်ကျေးရွာအုပ်စု၊ ရွာသစ်မှ ဦးဟာလူ၏ အသက် ၁၅ နှစ် အရွယ် မာမတ်ဟူစိန်း၏ ဝဲဘက်လက်မောင်းကို ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

စိုင်းဒင်တံတားရှိ မြန်မာစစ်တပ်မှ ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

“စိုင်းဒင်တံတားပေါ်မှာ ရှိနေတဲ့ အစိုးရတပ်မတော်ဘက်ကနေ အရှေ့ဘက် တောတောင်တွေထဲမှာ ရှိနေတဲ့ AA တပ်ဖွဲ့ဝင်တွေ ရှိရာဘက်ကို ပစ်ခတ်ရာကနေ ကျည်ဆံက ဒီကောင်လေးကို ထိတာပါ။ တပ်ရင်း ၅၅၁ က နေ့လည် ၃ နာရီကျော်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ရိုဟင်ဂျာ ၄ ဦး ဒဏ်ရာရရှိပြီး၊ တစ်ဦး သေဆုံးသည်။ ဒါဇင်ကျော် အိမ်များလည်း မီးလောင်ဆုံးရှုံးသည်။

တိုက်ပွဲကြောင့် ယင်းဒေသရှိ ရိုဟင်ဂျာများ၊ ရခိုင်များ အားလုံး နေရပ်စွန့်ခွာပြီး အခြားရွာများသို့ သွားရောက်၍ ခိုလှုံနေရသည်။ ရခိုင်ရွာသားအချို့သည် စေတီတောင်ကျေးရွာရှိ ဒုက္ခသည်စခန်း၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည်။ ၎င်းတို့အား ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက အစားအသောက်၊ အဝတ်အထည်များ ထောက်ပံ့ပေးလျက်ရှိသည်။ 

နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာများကိုမူ ဒုက္ခသည်စခန်းလည်း ဖွင့်လှစ်ပေးထားခြင်း မရှိသည့်အပြင် နေထိုင်နိုင်ရန် မည်သို့မျှ စီစဉ်ဆောင်ရွက် ပေးခြင်းမရှိဟု ဒေသခံများက ပြောသည်။ ယခင်က ဖုံညိုလိပ်နှင့် ထိပ်ထူးဖောက်ကျေးရွာများတွင် ခိုလှုံနေခဲ့သူများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ စာရင်းပြုစု၍ ဆန်အနည်းငယ် ထောက်ပံ့ပေးခြင်းရှိသည်ဟု ဆိုသည်။ 

ယခုကဲ့သို့ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေပါက ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်းတွင် ဆက်လက်နေထိုင်နိုင်တော့မည် အခြေအနေ ရှိတော့မည် မဟုတ်တော့ပေ။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ