စစ်တွေ အုန်းတောချေ IDP ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၆ ဦးသေဆုံး
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အုန်းတောချေ IDP ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပြီး လူ ၆-ဦး သေဆုံးသွားသည်။

စစ်တွေမြို့ရှိ ရိုဟင်ဂျာများနေထိုင်သည့် အုန်းတောချေ IDP ဒုက္ခသည်စခန်းတွင် အောက်တိုဘာလ (၁၈) ရက်နေ့ ည ၁၁း၃၀ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ နာရီဝက်ကြာ မီးလောင်ပြီး ငြိမ်းသတ်သွားခဲ့သည်။ မီးလောင်မှုတွင် IDP ဒုက္ခသည်များနေထိုင်သည့် အဆောင် ၁၅ ဆောင် မီးလောင်သွားပြီး မိသားစုပေါင်း ၁၃၁-စု အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့်အပြင် ဦးနူရ်အဟ်မဒ် ၏ ဇနီး ဒေါ် ဇော်နီဆား (အသက် ၆၀ နှစ်) နှင့် သမီး တယူဘာခါတွန် (အသက် ၂၅-နှစ်)၊ ဦးအူမောရ်အာလီ ၏ ဇနီး မာမူဒါခါတွန် (အသက် ၄၅-နှစ်) နှင့် သား အဗ်ဒုလ်အာမိန် (အသက် ၁၂-နှစ်)၊ အာမ်ဘီယာခါတွန် ၏ သမီး ဆေမောင်ခါတွန် (အသက် ၁၅-နှစ်)၊ နှင့် ရဟီးမားခါတွန် ၏ သမီး ဆားဂျိဒါး (အသက် ၁၁-နှစ်) စသည့် မိသားစု ၄ စုမှ စုစုပေါင်း လူ ၆-ဦး သေဆုံးသွားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို တာဝန်ရှိသည့် အာဏာပိုင်များက အောက်တိုဘာလ (၁၉) ရက်နေ့ နံနက် ၉း၃၀ ခန့် အချိန်တွင် စစ်တွေပြည်သူ့ဆေးရုံသို့ ယူဆောင်သွားခဲ့ကြောင်း အုန်းတောချေ IDP စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောပါသည်။

မီးလောင်မှုကြောင့် ထပ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် မိသားစု ၁၃၁-စုကို ပြည်နယ်အစိုးရမှ အရေးပေါ်လိုအပ်သည့် ရိက္ခာနှင့်အဝတ်အစားများ လာရောက် ပေးအပ်ခဲ့ပြီး မိသားစုဝင် သေဆုံးသွားသည့် မိသားစု ၄-စုကို ငွေကျပ် ၃၀၀၀၀၀ (သုံးသိန်း) စီ ထောက်ပံ့ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။ အုန်းတောချေ IDP ဒုက္ခသည်စခန်းတွင် စုစုပေါင်း အဆောင် ၅၉-ဆောင် ရှိပြီး မိသားစု ၆၄၀-စု မှ စုစုပေါင်း IDP ဒုက္ခသည် ၃၃၈၉-ဦး ရှိသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ