ဘူးသီးတောင် ဖုံညိုလိပ်တွင် မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ဦး သေဆုံး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း ဖုံညိုလိပ်ကျေးရွာ၏ မြောက်ဘက် သရက်ပြင်ကျေးရွာနှင့် ကြာညိုပြင်ကျေးရွာကြားရှိ စိုင်းဒင်တံတားပေါ်မှ မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့သည်။

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ဖုံညိုလိပ်ကျေးရွာအုပ်စု အကွက် ၁၂ မှ ဦးရှော်မ်ရှုအစ္စလာမ် (ခ) လေးဒူး (ဘ) ဦးဆောမိအုဒ္ဒိန် (အသက် ၄၅ နှစ်) သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖုံညိုလိပ်ကျေးရွာ အရှေ့ဘက်ရှိ လယ်ကွင်း၌ ကောက်ရိတ်နေခဲ့ပြီး၊ နေ့လည် ၁း၃၀ နာရီအချိန်တွင် နေပူနေသည်ကတစ်ကြောင်း၊ ဗိုက်ဆာနေသည်ကတစ်ကြောင်း၊ လယ်ကွင်းနှင့် အနီးစပ်ဆုံး အကွက် ၁ (အဒူဂေါ်နီရွာ) လမ်းဘေးဆိုင်သို့ သွားရောက်၍ ပလတ်စတစ်ခုံပေါ်တွင် အနောက်ဘက်သို့ မျက်နှာမူထိုင်ပြီး လဘက်ရည်သောက်နေစဉ် မြောက်ဘက် စိုင်းဒင်တံတားဘက်မှ ပစ်ခတ်သော ကျည်ဆံတစ်တောင့် ၎င်း၏ ညာဘက်တင်ပါးကို ထိမှန်ခဲ့သည်။

၎င်းကို အကွက် ၁၂ ရှိ နေအိမ်သို့ ချက်ချင်းသယ်ဆောင်သွားပြီး ဘူးသီးတောင်ဆေးရုံသို့သွားရန် ပြင်ဆင်နေစဉ် သေဆုံးသွားခဲ့သည်။ ကျည်ဆံထိမှန်ပြီး မိနစ် ၂၀ ခန့်အကြာတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ ၎င်း၏ ရုပ်အလောင်းကို ညနေ ၅ နာရီခန့်တွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ 

ဖုံညိုလိပ်ကျေးရွာ၏ မြောက်ဘက် သရက်ပြင်ကျေးရွာနှင့် ကြာညိုပြင်ကျေးရွာကြားရှိ စိုင်းဒင်တံတားပေါ်ရှိ မြန်မာစစ်တပ်နှင့် AA တို့ အကြား ယခု ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကြာညိုပြင် ကျေးရွာမှ နို့စို့ကလေးတစ်ဦး အပါအဝင် ရိုဟင်ဂျာ ၃ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်။ သရက်ပြင်ကျေးရွာအုပ်စု ရွာချေရွာရှိ အိမ် ၁၃ လုံး အနက် ၁၂ လုံး မီးလောင်သွားခဲ့သည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း စိုင်းဒင်တံတားပေါ်ရှိ မြန်မာစစ်တပ်နှင့် AA တို့အကြား ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် မြန်မာစစ်တပ် နေ့လည် ၃ နာရီကျော်ထိ မကြာခဏဆိုသလို သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ဦးရှော်မ်ရှုအစ္စလာမ် ကို ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့ အကြား ဖြစ်ပွားသော တိုက်ပွဲများတွင် ရိုဟင်ဂျာများစွာ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ပွားလျက်ရှိသည်။ နှစ်ဖွဲ့စလုံးမှ တိုက်ခိုက်ရာတွင် ရွာထဲသို့ ကျည်ဆံများ ကျရောက်မည်ကို မရှောင်ရှားဘဲ ပစ်ခတ်ခြင်းကြောင့် ထိခိုက်မှု ပိုမို ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ 

နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၃ နာရီတွင် တပ်ရင်း ၅၅၁ နှင့် တပ်မတို့က တောတောင်များ အနီးရှိရွာများမှ ရွာသူရွာသားများကို ပြောင်းရွှေ့ခိုင်းသဖြင့် ဖုံညိုလိပ်ကျေးရွာအုပ်စု၏ အရှေ့ဘက်ရှိ အကွက် ၁ မှ ရွာသူရွာသားများ ရွာလယ်သို့ ပြောင်းရွှေ့သွားရသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် သရက်ပြင်နှင့် ကြာညိုပြင်ရွာများမှ ရွာသူရွာသားများလည်း ပြောင်းရွှေ့ခဲ့ရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ