မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲ၌ ရိုဟင်ဂျာ ၃ ဦး ကျည်ဆံထိမှန် ဒဏ်ရာရ၊ အိမ်တစ်ဒါဇင် မီးလောင်သွား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ စိုင်းဒင်တံတားပေါ်ရှိ မြန်မာစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ ရိုဟင်ဂျာ ၃ ဦး ကျည်ဆံထိမှန် ဒဏ်ရာရခဲ့သည့်အပြင် အိမ်တစ်ဒါဇင် မီးလောင်သွားခဲ့သည်။ 

နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီတွင် စိုင်းဒင်တံတားပေါ်ရှိ မြန်မာစစ်တပ်နှင့် တောတောင်ထဲတွင် နေရာယူထားသည့် AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ် တပ်ရင်း ၅၅၁ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သရက်ပြင်ရခိုင်ရွာမှ အိမ် ၃ လုံးနှင့် သရက်ပြင်ကျေးရွာအုပ်စု၊ ရွာချေ (ရှာကေရွာ) ရှိ အိမ် ၁၃ လုံးမှ ၁၂ လုံး မီးလောင်ပြာကျသွားခဲ့သည်။ 

ရွာချေရွာမှ ရွာသူရွာသားများသည် ၎င်းတို့၏ နေအိမ်များ မီးလောင်သွားသဖြင့် အနီးအနားမှ ကျေးရွာများရှိ ဆွေမျိုးသားချင်းများထံ ထွက်ပြေး ခိုလှုံနေရသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နေ့လည် ၃ နာရီခန့်တွင် လေးမြို့ကျေးရွာအုပ်စု ကြာညိုပြင်ရွာသို့ ကျည်ဆံများ ကျရောက်ပြီး ရိုဟင်ဂျာအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် နို့စို့အရွယ် မိန်းကလေးငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

နို့စို့အရွယ် ကလေးငယ်ကို ရွာတွင် ဆေးကုသပေးလျက်ရှိပြီး၊ ကျန်သည့်နှစ်ဦးကို မိသားစုဝင်များက ချက်ချင်းပင် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်၍ ခွဲစိတ်ကုသမှု ခံယူနေသည်။ 

အသက် ၃၂ နှစ် အရွယ် ဦးမာမတ်ဇော်လိလ် (ဘ) ဦးနုရ်မိုဟာမတ် ၏ ညာဘက်ပေါင်ကို ကျည်ဆံထိမှန်ခဲ့ပြီး၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ရှုးနားဘာနူ (ဘ) ဦးဘော်ရှောရ် ၏ နောက်ကျောဘက်ကို ကျည်ဆံထိမှန်ခဲ့သည်။ 

အသက် ၂ နှစ်အရွယ် ရာဘီယာဘော်ဆောရီး (ဘ) ဦးအာမိရ်ဟာကိမ်း ၏ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး နားရွက်တစ်ဖက်ပါ ထိမှန်သည်ဟု သိရသည်။ 

ဒေါ်ရှုးနားဘာနူနှင့် ကလေးငယ်တို့၏ အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်နေသည်ဟု သိရသည်။

ထိမှန်သည့် ကျည်ဆံများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “နှစ်ဖက် အပြန်အလှန်ပစ် နေကြတာဆိုတော့ ဘယ်အဖွဲ့က ပစ်တဲ့ ကျည်ဆံလဲ ဆိုတာ ကျွန်တော်တို့လည်း ခွဲခြားပြီး မပြောတတ်ဘူး။ စိုင်းဒင်တံတားရဲ့ မြောက်ဘက်မှာရှိတဲ့ လမ်းရဲ့ အနောက်ဘက်က ကြာညိုပြင် ရိုဟင်ဂျာရွာ၊ အရှေ့ဘက်မှာ ရခိုင်ရွာရှိတယ်။ စစ်တပ်က ရွာနှစ်ရွာကြား တံတားကြီးပေါ်နဲ့ သရက်ပြင် ရခိုင်ရွာထဲ နေရာယူထားတယ်။ AA က တံတားရဲ့ အရှေ့ဘက် တောတောင်ထဲမှာ။ အဲဒီတော့ ကျည်ဆံတွေက AA ဘက်က လာတာ ဖြစ်ဖို့များတယ်လို့တော့ ထင်တယ်။ သရက်ပြင်မှာ အိမ်တွေ မီးထဲပါသွားတာကတော့ တပ်ရင်း ၅၅၁ က အမြောက်တွေနဲ့ ပစ်လို့ပါ” ဟု ပြောသည်။ 

ကြာညိုပြင်ကျေးရွာမှ ရွာသူရွာသားများလည်း ရွာကို စွန့်ခွာပြီး ကင်းတောင်ကျေးရွာနှင့် ဆေးအိုးကျကျေးရွာများသို့ ထွက်ပြေး ခိုလှုံနေရသည်။ ညနေ ၄ နာရီကျော်အချိန်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နေဝင်သည့်အချိန်ရောက်မှ တပ်ရင်း ၅၅၁ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကို ရပ်တန့်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ်တွင် နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများတွင် တိုက်ပွဲနှင့် ဆက်နွယ်မှုမရှိသည့် ရိုဟင်ဂျာများ ထိခိုက်နေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ