ဘူးသီးတောင် ဂူတာပြင်ကျေးရွာ အဝင်လမ်းဘေးတွင် မိုင်းပေါက်ကွဲ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ အဝင်လမ်းဘေးတွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။ 

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် အင်အား ၁၀၀ ကျော်ရှိသည့် မြန်မာစစ်တပ် စစ်ကြောင်းတစ်ကြောင်းသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်မြေဘက်မှ မြောက်ဘက် ဂူတာပြင်ရွာသို့ သွားနေစဉ် ငှက်ပျောချောင်း (ရခိုင်ရွာ) ကို အကျော် ဂူတာပြင်ကျေးရွာ အဝင် လမ်းဘေးတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

မိုင်းပေါက်ကွဲပြီးနောက် စစ်သားများသည် ယင်းနေရာတွင် ၁၅ မိနစ်ခန့် နေရာယူ စောင့်ဆိုင်းပြီးနောက် ရှေ့သို့ ဆက်မသွားတော့ဘဲ ဂူတာပြင်နှင့် ငှက်ပျောချောင်း ကြားရှိ တောတောင်ထဲသို့ ဝင်သွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဘူးသီးတောင် ညောင်ချောင်းလမ်းမတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ အများအပြား ရောက်ရှိလာပြီး သွားလာနေသူများကို တစ်နေကုန် စစ်ဆေးခဲ့သည်။ 

ရိုဟင်ဂျာအချို့သည် မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာနှင့် မနီးမဝေးတွင် ရှိသည့် ချောင်း၌ မိုင်းပေါက်ကွဲမှု မဖြစ်ပွားခင်ကတည်းက ငါးဖမ်းနေခဲ့ကြသည်။ ၎င်းတို့ ငါးဖမ်းနေစဉ် ငှက်ပျောချောင်းရွာမှ ရခိုင်ရွာသားတစ်ဦးသည် ချောင်း၌ စက်တပ်လှေတစ်စီးဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါ ရခိုင်ရွာသားသည် ပေါက်ကွဲမှုဖြစ်သည်နှင့် လှေကို စက်နိုး၍ တောင်ဘက်သို့ တစ်ဟုန်ထိုး မောင်းသွားကြောင်း၊ မိုင်းကို ၎င်းက အဝေးထိန်းစက်ဖြင့် ဖောက်ခွဲခြင်း ဖြစ်နိုင်ကြောင်း ငါးဖမ်းသမားများက ယူဆနေကြသည်။ စက်နိုး၍ မောင်းထွက်သွားသည်ကို စစ်သားများက မြင်တွေ့ခဲ့သည်။ 

စစ်သားများက မည်သူ၏ လက်ချက်ဆိုသည်ကို သိသောကြောင့် ဂူတာပြင်ကျေးရွာကို ဝင်ရောက်စီးနင်းခြင်း မရှိခဲ့ဟု ဒေသခံများက ဆိုကြသည်။ သို့သော်လည်း ပေါက်ကွဲမှုမှာ ရိုဟင်ဂျာရွာ အဝင်ဝတွင် ဖြစ်ပွားခဲ့ကြောင့် စစ်သားများက ရိုဟင်ဂျာများကို သံသယဖြစ်ပြီး ရွာထဲသို့ ဝင်ရောက် ပစ်ခတ်ခြင်း၊ ဝင်စီးခြင်းများ ပြုလုပ်မည်ကို အထူးစိုးရိမ်ခဲ့ကြသည်။ 

စစ်သားများ ငှက်ပျောချောင်း (ရခိုင်ရွာ) ကို ဖြတ်ကျော်လာစဉ် တိုက်ခိုက်ခြင်း မပြုလုပ်ဘဲ ရိုဟင်ဂျာရွာ အဝင်ဝတွင် မိုင်းထောင်ပြီး ဖောက်ခွဲ တိုက်ခိုက်ခြင်းသည် စစ်တပ်နှင့် ရိုဟင်ဂျာများအကြား ရန်တိုက်ပေးခြင်း သဘောမျိုး ဖြစ်နေသည်ဟု ဒေသခံများက သုံးသပ် ဝေဖန်နေကြသည်။ 

ယခုနှစ်အစောပိုင်းမှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း တိုက်ပွဲနှင့် သက်ဆိုင်ခြင်း မရှိသည့် ရိုဟင်ဂျာများ ကြားညှပ်ခံနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ