ရသေ့တောင် ဆင်ခုန်းတိုင်၌ ရခိုင်လက်နက်ကိုင်အဖွဲ့က ရိုဟင်ဂျာများ စိုက်ပျိုးထားသည့် စပါးများရိတ်သိမ်း
ရန်နိုင် Rohingya Today

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ဆင်ခုန်းတိုင်ကျေးရွာတွင် ရိုဟင်ဂျာများ စိုက်ပျိုးထားသည့် စပါးများကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှ တပ်ဖွဲ့ဝင်များ ရိတ်သိမ်းခဲ့သည်။

အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ဆင်ခုန်းတိုင်ကျေးရွာသို့ AA တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အိမ်ခြေ ၃၀ ကျော်ကို ဖြိုဖျက်ခဲ့သည့်အပြင် အမျိုးသားများကို ဖမ်းဆီးရန်ရှာခဲ့သဖြင့် အိမ်များဖြိုဖျက်ခံရသည့် မိသားစုများသည် ဆင်ခုန်းတိုင်ကျေးရွာတွင် မနေဝံ့တော့ဘဲ အခြားရွာများသို့ ပြောင်းရွှေ့နေထိုင်နေကြသည်။ 

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် အစောပိုင်းတွင် ဆင်ခုန်းတိုင်ကျေးရွာသို့ AA တပ်ဖွဲ့ဝင် ၃၀ ကျော် ရောက်ရှိလာပြီး ရွာထဲမှာ ရိုဟင်ဂျာ ၂၀ ဦးခန့်ကို အတင်းအဓမ္မ ခေါ်ထုတ်၍ အခြားရွာများသို့ သွားရောက်၍ ခိုလှုံနေသူများ၏ လယ်ကွင်းများမှ စပါးများကို ရိတ်သိမ်းခိုင်းခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

နိုဝင်ဘာလ ၄ ရက်နေ့ တစ်ရက်တည်းတွင် ဦးကာဆိမ်း (ဘ) ဦးအာလီဟူစိန်း၏ စပါးခင်း သုံးဧက ရိတ်သိမ်းပြီးသွားသည်ဟု ဒေသခံများက ဆိုကြသည်။ စပါးများ ရိတ်သိမ်းနေချိန်တွင် AA တပ်ဖွဲ့ဝင်များက လယ်ကွင်းနှင့် ရွာထဲရှိ လမ်းများတွင် သေနတ်များ ကိုင်ဆောင်လျက် ကင်းလှည့်သယောင် လည်ပတ်နေခဲ့ကြသည်။ 

AA တပ်ဖွဲ့ဝင်များက အခြားရွာများသို့ သွားရောက် ခိုလှုံနေသူများ၏ လယ်များမှ စပါးများအားလုံးကို ရိတ်သိမ်းသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ